ဧည့်သည်ကို ဒူးထောက်ကြိုခိုင်းတဲ့ Vintage ဟိုတယ် ပြင်းထန်စွာ သတိပေးခံရ
2014.07.25

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာရှိတဲ့ Vintage ရေပေါ်ဟိုတယ်က လာရောက်တည်းခိုသူတွေကို ဟိုတယ်ဝန်ထမ်းတွေကနေ ဒူးထောက် အရိုအသေပေးပြီး ကြိုဆိုနေတဲ့ ဓါတ်ပုံ အသုံးပြုကြော်ငြာ ခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီလို မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီခြင်းမရှိတဲ့ ဝန်ဆောင်မှုကို ရပ်ဆိုင်းဖို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ဟိုတယ်ပိုင်ရှင်နဲ့ စီမံအုပ်ချုပ်သူကို မနေ့က ပြင်းထန်စွာ သတိပေးလိုက်တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာက စစ်ဆေးရာမှာ မြန်မာနိုင်ငံသားပိုင် လှလှပပလီမိတက်က ရင်းနှီးမြှုပ်နှံတဲ့ အဲဒီ Vintage ဟိုတယ်မှာ တခြားဟိုတယ်တွေထက်န်ရည်ရွယ်ပြီး ဝန်ထမ်းတွေကို သင်တန်းတစ်ခုပြုလုပ် ကာ လေ့ကျင့်ပေးခဲ့ကြောင်း ဟိုတယ်တာဝန် ရှိသူတွေက ပြောဆိုခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၂၅ ရက် မနေ့ကနေ့စွဲနဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
အဲဒီစစ်ဆေးတွေ့ရှိချက်အရ ဟိုတယ်ပိုင်ရှင် လှလှပပလီမိတက်ရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးမြင့်လွင်နှင့် ဦးပြည့်ဖြိုးဦးတို့ကို ဒုဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းနဲ့ ညွန်ကြားရေးမှူးချုပ်တွေက နေပြည်တော်ကို မနေ့ကခေါ်ယူပြီး ဒီလို ဘုရင်နှင့်မိဖုရားကို ဒူးထောက် အရိုအသေပေးရတဲ့ ဝန်ဆောင်မှုဟာ ဟိုတယ်လုပ်ငန်းတွေက ဧည့်သည်တွေကို ပေးဆောင်ရမယ့် ဝန်ဆောင်မှုမျိုးမဟုတ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာနဲ့ ကိုက်ညီခြင်းမရှိကြောင်းနဲ့ ဟိုတယ်ဝန်ထမ်းတွေအနေဖြင့်လည်း ဒီလို ဝန်ဆောင်မှုဟာ ပုံမှန်မဟုတ်တဲ့အတွက် ခက်ခဲစွာထမ်းဆောင်ကြရကြောင်း ဒါ့ကြောင့် အခုလိုဝန်ဆောင်မှုပေးခြင်းကို ရပ်ဆိုင်းဖို့နဲ့ အလားတူဝန်ဆောင်မှုမျိုး ထပ်မံဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရင် အရေးယူမှာဖြစ်ကြောင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။
ဟိုတယ်ပိုင်ရှင်ဖက်ကလည်း သူတို့ဝန်ထမ်းတွေအနေနဲ့ ဒူးမထောက်ရပဲ ဒူးကိုကွေးညွတ်ယုံမျှသာပြုမူရပါတယ်လို့ ဒုဝန်ကြီးနဲ့အဖွဲ့ကို ပြန်လည်ချေပ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
အဲဒီလို ဧည့်သည်တွေကို ဝန်ထမ်းတွေ ဒူးထောက်ကြိုဆိုရတဲ့ ဓါတ်ပုံကို ဟိုတယ်က အခုပြန်လည်ရုပ်သိမ်းလိုက် ပြီဖြစ်ပေမယ့် ဟိုတယ်ဝက်ဆိုဒ်စာမျက်နှာမှာ လက်ရှိဖေါ်ပြထားတဲ့ ဓါတ်ပုံတွေထဲမှာ အနောက်တိုင်းကလို့ယူဆရတဲ့ ဧည့်သည်တစ်ဦးက ဆိုဖါမှာခြေကျင်းချိတ်ထိုင်နေပြီး ဟိုတယ်ဝန်ထမ်းတစ်ဦးက သူ့ခြေထောက်အနီးအောက်ခြေ ကြမ်းပြင်မှာထိုင်ကာ မှတ်စုစာရွက်နဲ့ လိုက်လံမှတ်သားနေရတဲ့ ဓါတ်ပုံတစ်ပုံကို မြင်တွေ့ရပါတယ်။