ဗေဒါကျောင်း နေရာသစ်မှာလည်း ဖိအားပေးခံနေရ
2011.02.23

တာမွေမြို့နယ် မယက ဥက္ကဋ္ဌကနေ အိမ်ရှင်ကို အိမ်မငှားဖို့ ဖိအားပေးနေပြီး၊ ယာယီ အိမ်ထောင်စု စာရင်းနဲ့ ညအိပ်ခွင့် ဧည့်စာရင်းတွေကို ထုတ်မပေးဖို့ ရယကတွေကိုလည်း ညွန်ကြားထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဗေဒါ သင်တန်း နေရာကို တာမွေကနေ အမှတ် ၇ စမ်းချောင်းလမ်းကို ပြောင်းရွှေ့ခဲ့တာပါ။ ၁၆ ရက်နေ့မှာပဲ စမ်းချောင်းလမ်းက ရပ်ကွက်လူကြီးတွေကနေ ယာယီအိမ်ထောင်စု စာရင်းကို ထုတ်ပေးခဲ့တာ ဖြစ်ပေမဲ့။ ၁၉ ရက်နေ့မှာ ပြန်သိမ်းသွားနောက် မြို့နယ် ဥက္ကဋ္ဌက အိမ်ရှင်ကို စတင် ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။
၂၀ ရက်နေ့မှာ မယက ဥက္ကဋ္ဌ ဦးတင့်လွင်က အစည်းအဝေးခေါ်လို့ အိမ်ရှင်ရော။ အိမ်ငှားသူ ကိုမျိုးရန်နောင်သိန်းတို့ပါ မယက ရုံးကို သွားခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေး တာဝန်ခံ ကိုလင်းနိုင်ဦးက အခုလို ပြောပြပါတယ်။
“ကျွန်တော်တို့ကို ဒီကနေ ဖယ်ခိုင်းဖို့အတွက် ကျွန်တော်တို့ အိမ်ရှင်နဲ့ တွေ့ဖို့ ၂၀ ရက်နေ့က ကျွန်တော်တို့ကို ချိန်းလိုက်တယ်။ ၂၀ ရက်နေ့က ချိန်းလိုက်တော့ အဲဒီ မနက်ပိုင်းမှာပဲ ကျွန်တော်တို့ သွားတဲ့အချိန်မှာပဲ သူတို့ အိမ်ရှင်ကို နည်းနည်းပဲ ကျပ်လိုက်တယ်ပေါ့။ ကျွန်တော်တို့ အချိန်မီ ရောက်သွားတဲ့အတွက်။ အချိန်မီရောက်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ကို ဘေးကို ခေါ်ပြီးတော့ သူက ကျွန်တော်တို့နဲ့ အရင်ဆုံး တွေ့တယ်ပေါ့နော်။ ဟို မင်းတို့မှာ ပိုက်ဆံ ၁၅ သိန်း ရှိသလားတဲ့ ကျွန်တော်တို့ကို ပြောတယ်။ ကျွန်တော်က ဘာကိစ္စ မေးတာလဲဆိုတော့ မဟုတ်ဖူးတဲ့၊ ငွေရှိရင် ကိစ္စတော်တော်များများကို ဖြေရှင်းနိုင်တယ်တဲ့။ မယက ဥက္ကဋ္ဌက ကျွန်တော်တို့ကို အဲလို ပြောတယ်။”
မယက ဥက္ကဋ္ဌက စစ်တိုင်းမှူးက ခိုင်းလို့ လုပ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ ကိုမျိုးရန်နောင်သိန်းတို့ဖက်က နိုင်ငံရေးလုပ်နေတာ မဟုတ်ကြောင်း၊ ပညာအခမဲ့ ဖြန့်ဝေတာသာ ဖြစ်ကြောင်း မယက ဥက္ကဋ္ဌ ကို ပြန်လည် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ကိုမျိုးရန်နောင်သိန်းက အခုလို ရှင်းပြပါတယ်။
“စောစောပိုင်းတုန်းကဆိုတော့ ကျွန်တော်တို့ဆီက သူတို့ ငွေရဖို့ ကြိုးစားနေတယ်။ မရတဲ့အခါမှာ သူက ပရက်ရှာပေးတယ် ဆိုတဲ့ဟာမျိုး။ ကျွန်တော်တို့တွေကတော့ အခုလောလောဆယ်မှာ ရယကကို အကြောင်းကြားထားတယ်၊ ညဖက်ဆိုလို့ရှိရင် ဒီမှာ နေထိုင်မဲ့ လူစာရင်းပေါ့၊ မဝတကိုလည်း အကြောင်းကြားတယ်၊ ပြီးတော့ ကျွန်တော်တို့ စခန်းမှူးကိုလည်း အကြောင်းကြားတယ်။ ပြီးတော့ ရယကက ကျွန်တော်တို့ကို သန်းခေါင်စာရင်း ထုတ်မပေးဘူး။ ဘာကြောင့်လဲဆိုတော့ အမိန့်မရလို့တဲ့။ ဆိုတော့ ကျွန်တော်တို့ကတော့ ဆက်နေသွားမယ်။ ဒီမှာ အိပ်တဲ့လူတွေကလည်း ဆက်အိပ်သွားမယ်။ သူတို့က မထုတ်ပေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို မှတ်ပုံတင် မိတ္တူရယ်၊ ဧည့်စာရင်း တိုင်ကြားခြင်း ဆိုပြီးတော့ တရားဝင် အကြောင်းကြားတယ်ခင်ဗျ။”
ရယက က ဧည်စာရင်း ထုတ်မပေးတဲ့အတွက် နယ်က သင်တန်းသားတွေအတွက် အခက်အခဲ ရှိနေပြီး၊ နယ်က တချို့ သင်တန်းသားတွေ ပြန်သွားရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။