ရန်ကုန်တိုင်း မြို့နယ် ၁၄ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၈ သိန်းကျော်ရှိ


2015.05.25
voters-list-305.jpg ၂ဝဝ၈ ခုနှစ် မေလ ၂၄ ရက်နေ့က ရပ်ကွက်ရုံးမှာ မဲပေးခွင့်ရှိသူစာရင်း လာကြည့်သူတချို့ကို တွေ့ရစဉ်
(Photo: AFP)

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၄ မြို့နယ်မှာ မဲပေးခွင့်ရှိသူ   (၁၈ သိန်းကျော်) ရှိတယ်လို့ ရန်ကုန် တိုင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက် ပါတယ်။

အဲဒီ့မဲပေးနိုင်သူစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်ကော် မရှင်ရုံးတွေမှာ လာမယ့် ဇွန်လ ၇ရက်နေ့အထိ နှစ် ပတ်ကြာ ကပ်ထားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မိမိအမည်ကို သွားရောက်စစ်ဆေးနိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်း က ပြောပါတယ်။

"၁၄ မြို့နယ်စကပ်ပါတယ်၊ စကပ်တယ်ဆိုတော့ ဘယ်လောက်ရှိတယ်ဆိုတာတော့ ရက်အလိုက် ကျနော်တို့တောင်းထားပါတယ်၊ ကျနော်တို့ ဇွန်လ ၇ ရက်နေ့အထိကပ်ပါမယ်၊ နှစ်ပတ်ကပ်ပါမယ်၊ ကပ်ပြီးလို့ရှိရင် ပုံစံ ၃ တို့၊ ပုံစံ ၄ (ဂ)တို့၊ ပုံစံ ၄ တို့နဲ့ တောင်းဆိုတဲ့ ဟာတွေရှိလာရင် အဲ့ဒါတွေကို မဲစာရင်းတွေထဲမှာ ပြန်ပြီးတော့ဖျက်တာတို့ သွင်းတာတို့ ပြင်တာတို့ ပြန်လုပ် မှာပေါ့"

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ စတဲ့မြို့နယ် ၁၄မြို့နယ်က မဲပေးနိုင်သူစာရင်းကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အရင်တခေါက် ရန်ကုန်တိုင်းက မြို့နယ် ၁၀ မြို့နယ်မှာ မဲပေးခွင့်ရှိသူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ နှစ်သိန်းကျော် ရှိတယ်လို့ ကြေညာထားတာဖြစ်တဲ့အတွက် အခုဆိုရင် မြို့နယ် ၂၄မြို့နယ်မှာ မဲပေးနိုင်သူ  (သိန်း ၂၀ ) ရှိတာဖြစ်ပါတယ်။ နောက်ထပ် ကြေညာဖို့မြို့နယ် ၂၁ မြို့နယ် ကျန်ရှိနေတာ ဖြစ်ပါတယ်။

အလားတူပဲ  နေပြည်တော်ကောင်စီမြို့နယ် ရှစ်မြို့နယ်မှာလည်း မဲပေးခွင့်ရှိသူစာရင်းကို ဒီနေ့ထုတ်ပြန်ရာ မဲပေးခွင့်ရှိသူ ခြောက်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

ကျန်တဲ့တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ မဲပေးခွင့်ရှိသူစာရင်းတွေကို လာမယ့် ဇွန်လကုန်မှာ အပြီးထုတ်ပြန်ပေး မှာဖြစ်ပြီး ပြန်လည်ပြင်ဆင်ဖြည့်စွက်မယ့် အပြီးသတ်မဲပေးခွင့်ရှိသူစာရင်းကို ရွေးကောက်ပွဲမကျင်းပမီ တစ်လအလိုမှာ ထပ်မံထုတ်ပြန်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။