လက်ရှိပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ စစ်ကောင်စီ ဥက္ကဋ္ဌကို UWSA တိုက်တွန်း

2022.05.31
လက်ရှိပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ စစ်ကောင်စီ ဥက္ကဋ္ဌကို UWSA တိုက်တွန်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့ ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဥ်
Photo: Myanmar Military

စစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ‘၀’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က တိုက်တွန်း ခဲ့ပါတယ်။

မေလ ၃၀ ရက် မနေ့က စစ်ကောင်စီဥက္ကဋ္ဌ နဲ့ UWSA တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ် အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဘယ်အခြေခံ ပဋိပက္ခကိုမှ အင်အားသုံးဖြေရှင်းလို့မရသလို နိုင်ငံတကာက မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးစားနေပေမယ့် တကယ်တမ်းဖြေရှင်းနိုင်တဲ့သူတွေဟာ ပဋိပက္ခမှာ ပါဝင်နေ သူတွေပဲ ဖြစ်တယ်လို့ ‘၀’ အဖွဲ့က ပြောဆိုပါတယ်။

စစ်ရေးပဋိပက္ခကြောင့် တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဆုံးရှုံးစေတာ၊ လူ့အသိုင်းအဝိုင်းနဲ့ လူမျိုးစုတွေအကြား အမုန်းတရားကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းတဲ့ လုပ်ဆောင် မှုတွေ ရှောင်ရှားဖို့အတွက် တွေ့ဆုံဆွေးနွေးမှု ကနေ အမြန်ဆုံးဖြေရှင်းဖို့ အနူးအညွတ် ပန်ကြားတယ်လို့ ‘ဝ’ အဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် အစိုးရဘက်က ဘယ်သူပဲ အုပ်ချုပ်၊ အုပ်ချုပ် ဗမာတိုင်းရင်းသားတွေရဲ့ ပြည်တွင်း ရေးမို့ ပဋိပက္ခ မဖြစ်စေလိုတဲ့အတွက် သူတို့အနေနဲ့ ဘယ်ဘက်ကမှ ဘက်လိုက်မှာမဟုတ် ဘူးလို့လည်း ‘၀’ အဖွဲ့က စစ်ကောင်စီ ဥက္ကဋ္ဌကို ပြောဆိုခဲ့ပါတယ်။

‘ဝ’ တပ်ဖွဲ့အနေနဲ့လည်း နိုင်ငံတော်က ခွဲထွက်မှာမဟုတ်ပေမယ့် နိုင်ငံတော်ကာကွယ်ရေးနဲ့ သံတမန် ဆက်ဆံရေး ကလွဲပြီး ကိုယ်တိုင်ပဲ စီမံအုပ်ချုပ်မယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ‘၀’ ပြည်နယ် တည်ထောင်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

‘၀’ ပြည်နယ်ရရှိရေးနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီနဲ့ ဒီကနေ့ မေလ ၃၁ ရက်နဲ့ မနက်ဖြန် ဇွန်လ ၁ ရက် နေ့တွေမှာ ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ UWSA ကိုယ်စားလှယ်တစ်ဦးအဖြစ် နေပြည်တော်ကို ရောက်နေတဲ့ ဦးညီရမ်းက RFA ကို ပြောပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။