ဒုတိယ ပင်လုံညီလာခံတက်ဖို့ ဝ အဖွဲ့ မဆုံးဖြတ်ရသေး
2016.05.01

၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပေမယ့် UWSP ခေါင်းဆောင်တွေ ဖက်က မဆုံးဖြတ်ရသေးဘူးလို့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေး ကပြောပါတယ်။
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အဖွဲ့ဝင် ဦးစိုးဌေးက ပြီးခဲ့တဲ့ဧပြီလ ၂၈ ရက်က 'ဝ' ဒေသ ပန်ဆန်းမှာ UWSP ခေါင်းဆောင်တွေနဲ့ တွေ့ ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။
"၁၉၄၇ ခုနှစ် ပင်လုံညီလာခံကျတော့ သူတို့ပြောတာကတော့ အဲ့ဒီတုန်းကလည်း သူတို့တက်ခဲ့တယ်ပေါ့၊ တက်ခဲ့ပေမယ့် သူတို့ရဲ့တင်ပြချက်တွေဟာ မထိရောက်ခဲ့ဘူးပေါ့၊ စာရွက်ပေါ်မှာ မရောက်ခဲ့ဘူးပေါ့ ၊ နောက်တစ်ခုက အခု ၂၁ ရာစုကျရင် ခင်ဗျားတို့ တက်သင့်တယ်လို့တော့ ကျနော်တို့က ပြောလိုက်တယ်၊ သူတို့ကတော့ ဗဟိုကော်မတီအစည်းအဝေးပြီးတော့မှ ဆုံးဖြတ်သွားမယ့်သဘော ရှိပါတယ်၊ သူတို့ကတော့ ဘာမှပြန်မပြောဘူး"
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုက လာမယ့် တစ်လ နှစ်လအတွင်း ၂၁ ရာစု ပင်လုံ ညီလာခံဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ကြဖို့နဲ့ အဲဒီညီလာခံမှာ NCA မှာလက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပါဝင်စေလိုကြောင်း ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်နေ့က ပြောကြားထားပါတယ်။ 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဟာ NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
၂၁ ရာစု ပင်လုံ ညီလာခံကို UWSP ခေါင်းဆောင်တွေက ကြိုဆိုကြောင်း၊ အစိုးရသစ်အနေနဲ့ တိုင်းရင်းသားတွေ အရေးကို အလေးထားဆောင်ရွက်ပေးတဲ့ အတွက် ဝမ်းမြောက်ကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးထင်ကျော်တို့ကို 'ဝ'ဒေသကို လာရောက်ဖို့လည်း ဖိတ်ကြားတယ်လို့ ဦးစိုးဌေး က ပြောပါတယ်။
ဒါ့အပြင် 'ဝ' ခေါင်းဆောင်တွေက ပြည်ထောင်စုကနေ ခွဲထွက်မှာမဟုတ်ကြောင်း နဲ့ သူတို့ရဲ့တောင်းဆိုချက်တွေကို လက်နက်ကိုင်ပြီးဖြေရှင်းမှာ မဟုတ်ကြောင်းလည်း ပြောခဲ့ပါတယ်။
ဦးစိုးဌေးက UWSA/UWSP ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေကို တိုင်းရင်းသား ရေးရာနဲ့ ပြည် တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနဲ့ အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ထံ တင်ပြသွားမှာဖြစ်ပါတယ်။