နိုင်ငံတဝှမ်း ရေကြီးမှု တိုးလာနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်
2015.07.28

တစ်နိုင်ငံလုံးနီးပါးမှာ မိုးကြီးနေတဲ့အတွက် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနဲ့ စစ်တောင်းမြစ်တွေဟာ ဒီရက်ပိုင်း အတွင်းမှာ သက်ဆိုင်ရာမြို့နယ်တွေအလိုက် စိုးရိမ်ရေအမှတ်တွေကို ရောက်ရှိလာပြီး ရေကြီးနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းကြောင့် မိုးများပြီး မြစ်ရေကြီးမှုတွေ ပေါ်ပေါက်နေတာလို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။
"စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ ဘားအံမြစ် တို့မှာလည်း မြစ်ရေသတိပေးချက်တွေ ထုတ်ပြန်ထားတာရှိပါတယ်၊ ဧရာဝတီမြစ်အောက်ပိုင်းတွေ ငဝန်မြစ် နောက်စစ်တောင်းမြစ်ဘက်မှာ စိုးရိမ်ချိန်အမှတ် ရောက်ရှိနိုင်တယ် ဆိုပြီးတော့ ရေသတိပေးချက်တွေ ထုတ်ပြန်ထားတာရှိပါတယ်၊ မိုးရွာသွန်းမှု အတိုင်းအတာအနေနဲ့ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်လေးက ဇူလိုင်လ ၃ဝရက်နေ့လောက်မှပဲ အနောက်ဘက်ကို ရွေ့ရှားသွားမယ် လို့ ခန့်မှန်းရပါတယ်ခင်ဗျ၊ အဲ့နောက်ပိုင်းမှပဲ မိုးကတဖြည်းဖြည်း လျော့နည်းသွားမယ်လို့ သုံးသပ်ရပါတယ်"
သံလွင်မြစ်ရေဟာ ကရင်ပြည်နယ် ဘားအံမြို့မှာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ဒီကနေ့ ညနေ ၄ နာရီခွဲမှာ ထုတ်ပြန်လိုက်ပါတယ်။ အလားတူ ချင်းတွင်းမြစ်ရေဟာလည်း ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝနဲ့ မုံရွာမြို့တို့မှာ စိုးရိမ်ရေအမှတ် ရောက်ရှိနေပြီး ဧရာဝတီ မြစ်ရေဟာလည်း ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်နေပြီဖြစ်လို့ ထုတ်ပြန်ထားပါတယ်။ ဒ့ါအပြင် ဒုဋ္ဌဝတီမြစ်ရေဟာလည်း မြစ်ငယ်မြို့၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့နဲ့ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့တွေမှာ စိုးရိမ်ရေအမှတ်ကို ရောက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း က နေရာတချို့မှာ ရေကြီးလို့ ပြည်သူတွေရဲ့အသက်အိုးအိမ်ဆုံးရှုံးထိခိုက်မှုတွေအပေါ် စိုးရိမ်ကြောင်းနဲ့ အစိုးရအနေနဲ့ အရေးပေါ်အခြေအနေကြေညာပြီး ထိရောက်တဲ့အကူအညီတွေပေးသင့်ပြီဖြစ်ကြောင်း နိုင်ငံရေးပါတီတွေနဲ့ ရန်ကုန်မြို့အမေရိကန်သံရုံးတို့က ဒီနေ့ပြောဆိုလိုက်ပါတယ်။ ရေကြီးနေတဲ့နေရာတွေမှာ ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းတွေ ပြတ်တောက်ကုန်ပြီး၊ တချို့နေရာတွေကို အကူအညီတွေမရောက်သေး ဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် ကယ်ဆယ်ရေးနဲ့ ကူညီရေးကို စစ်ကိုင်းတိုင်းအစိုးရကရော၊ သမ္မတအနေနဲ့ပါ ထိထိရောက်ရောက် အမြန်ဆုံးဆောင်ရွက်သင့်ပြီလို့ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် ပုလဲမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။ အလားတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီကလည်း အဲဒီရေဘေး ဒုက္ခသည်ပြည်သူတွေ ကယ်ဆယ်ရေးကို အစိုးရအနေနဲ့ လူအား၊ ငွေအား၊ အုပ်ချုပ်ရေးဆိုင်ရာစွမ်းအားတွေအသုံးပြုဖို့ အလေးအနက်တိုက်တွန်းတဲ့ ကြေညာချက်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုနဲ့ အကူအညီပေးရေးနောက်ဆုံး အခြေအနေတွေနဲ့ပတ်သက်လို့ ကောလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။