ရှမ်းပြည်မြောက်ပိုင်းမှာ NCA စာချုပ် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းမည်


2015.10.08
nca-watch-group-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း အရပ်သား အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာခြင်း အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၈ ရက်နေ့က လားရှိုးမြို့မှာပြုလုပ်စဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုပြီးနောက် စာချုပ်ပါအချက်အလက်တွေကို နှစ်ဘက်လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်နိုင်ရေး အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ သဘောတူလိုက်ကြပါတယ်။

ဒီကနေ့ လားရှိုးမြို့က နှင်းဆီခန်းမမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ စောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းဖို့ သဘောတူခဲ့တာဖြစ်ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီတာဝန်ခံ ကိုတင်ဦးက ပြောပါတယ်။

"ဒီအလုပ်ရုံဆွေးနွေးပွဲလုပ်ရခြင်း အကြောင်းရင်းက တစ်တိုင်းပြည်လုံးက အပစ်အခတ်ရပ်စဲရေးအဖွဲ့ အတော် များများကလည်း လုပ်ထားတာရှိတယ်၊ အဖွဲ့အားလုံးပါဝင်ရေး မပါဝင်ရေးက အဓိကမဟုတ်ဘူး၊ ကျနော်တို့ အရပ်သားတွေဟာ နိုင်ငံတော်နဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုထားတဲ့အဖွဲ့တွေဟာ ဒီစာချုပ်တွေပေါ်မှာ လိုက်နာမှု ရှိ မရှိ ဆိုတဲ့အပေါ်မှာ စာချုပ်ပါအချက်အလက်တွေကို စောင့်ကြည့်လေ့လာဖို့အတွက်ကို နှစ်ဘက်အဖွဲ့အစည်းတွေ ကို စောင့်ကြည့်လေ့လာမည့် အရပ်သားကော်မတီတစ်ရပ် ရှမ်းမြောက်မှာပေါ်ထွက်လာဖို့ ရည်ရွယ်ချက်နဲ့ ကျနော်တို့လုပ်ရခြင်းဖြစ်ပါတယ်"

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်၊ တန့်ယန်းနဲ့ နမ္မတူမြို့နယ်တွေက အရပ်ဘက်အဖွဲ့ ၃၀ ကျော် တက်ရောက်ခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။ အရပ်သားအပစ်ခတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ဖဲ့ွစည်းပြီးဖြစ်တယ်လို့ သိရပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ဟာ နေပြည်တော်မှာ လာမယ့်အောက်တိုဘာလ ၁၅ရက်နေ့မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။