မြိတ်မြို့နယ်မှာ တည်ဆောက်မယ့် ရေအား လျှပ်စစ်စီမံကိန်း ရပ်ဆိုင်း
2013.05.23
မြိတ်မြို့နယ်အတွင်း အီတာလျံထိုင်း ကုမ္ပဏီက တည်ဆောက်မယ့် ရေအားလျှပ်စစ် ရေလှောင်တမံ စီမံကိန်းကြောင့် ဒေသတွင်း သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ လူမှု ပတ်ဝန်းကျင် ထိခိုက်မူ အန္တရာယ်ရှိတယ်ဆိုတဲ့ အစီရင်ခံချက်ရရှိတဲ့အတွက် အဲဒီစီမံကိန်းကို မြန်မာအစိုးရဘက်က ရပ်ဆိုင်းလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ရေးသားပါတယ်။
လျှပ်စစ်ဓာတ်အား မီဂါဝပ် ၈၀၀ ထုတ်ယူနိုင်တဲ့ အဲဒီစီမံကိန်း စိုက်ပျိုးမြေ ဧကပေါင်း ထောင်နဲ့ချီပြီး ရေလွမ်းခံရမယ့် အန္တရာယ်ကြုံတွေ့နိုင်ကြောင်း တွေ့ရှိရတယ်လို့ လူမူရေးနဲ့ ပတ်ဝန်းကျင်ရေးရာ အစီရင်ခံစာမှာ ဖော်ပြထားပြီး၊ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ဖို့ မသင့်ကြောင်း သုံးသပ်ထားတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် မြန်မာအစိုးရ သမ္မတရုံးက ဒီစီမံကိန်းကို ရပ်တန့်ဖို့ ညွန်ကြားထားတယ်လို့ The Nation သတင်းစာက ဖေါ်ပြပါတယ်။
တနင်္သာရီတိုင်းအတွင်း ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် စီမံကိန်းကို အီတာလျံထိုင်း ကုမ္ပဏီက ဆောင်ရွက်မှာဖြစ်ပြီး၊ ရေအားလျှပ်စစ်ထုတ်ယူရေး စီမံကိန်းကရရှိမယ့် လျှပ်စစ်ဓါတ်အားကို ရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန်တွေမှာ သုံးစွဲမှာဖြစ်သလို၊ ထိုင်းနိုင်ငံကို တင်ပို့ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။