လက်နက်ကြီး ပစ်ခတ်မှုကြောင့် မင်းပြား ဒေသခံ သုံးဦး ဒဏ်ရာရ

RFA Burmese
2024.01.28
လက်နက်ကြီး ပစ်ခတ်မှုကြောင့် မင်းပြား ဒေသခံ သုံးဦး ဒဏ်ရာရ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ခွဆုံရွာအနီး ဇန်နဝါရီ ၂၇ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး လယ်ယာလုပ်ကိုင်နေတဲ့ အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် ကိုမောင်ဆန်းမြင့်၊ အသက် ၅၀ ကျော်အရွယ် ဦးထွန်းလှမောင်နဲ့ အသက် ၆၀ အရွယ် ဦးစံရွှီအောင်တို့ ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ဦးစံရွှီအောင်ကတော့ တော်တော်လေး စိုးရိမ်ရတယ်။ အသက်ကလည်း ကြီးတာရယ်၊ ဖြစ်တဲ့နေ့က သွေးထွက်လွန်တာရယ်ကြောင့် ဒဏ်ရာကို မခံစားနိုင်ဘူးဖြစ်နေတယ်။ သူတို့တွေကို မင်းပြားဆေးရုံ ပို့ထားတယ်"

သူတို့ဟာ ဦးခေါင်း၊ မျက်နှာ၊ ခြေသလုံးနဲ့ တင်ပါးတွေကို လက်နက်ကြီးကျည်စတွေ ထိမှန်ခဲ့တာပါ။

ဒီလက်နက်ကြီးကျည်တွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်က တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ အရပ်သား ရှစ်ဆယ်ကျော် သေဆုံးခဲ့ပြီး နှစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။