မုန်တိုင်းငယ်ဖြစ်နိုင်ခြေရှိကြောင်း မိုးဇလ ခန့်မှန်း
2018.05.20

ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့်အထိ ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
မေလ ၂၅ ရက်နေ့လောက်မှာ မုန်တိုင်းငယ်အဖြစ် ရောက်နိုင်တယ်လို့ ခန့်မှန်းရရှိထားတဲ့အကြောင်း ဦးကျော်မိုးဦးက ပြောပါတယ်။
"၂၃ ၊ ၂၄ လောက်ကျရင်တော့ ဒါ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်တယ်ဆိုပြီးတော့ သင်္ချာပုံစံပြု မော်ဒယ်တွေရဲ့ တွက်ထုတ်ချက်အရတော့ ခန့်မှန်းလို့ရတယ်ပေါ့နော်။ ဒီဟာက ပိုပြီးတော့မှ အားကောင်းလာပြီး တော့မှ ၂၅ ၊ ၂၆ လောက်ဆိုရင်တော့ မုန်တိုင်းငယ်အဖြစ်ကို ရောက်နိုင်တဲ့အနေထားရှိတယ်။ ဒါပေမဲ့ သင်္ချာ ပုံစံပြု မော်ဒယ်တွေရဲ့ တွက်ချက်မှု ပုံစံအရဆိုရင်တော့ ရက်နည်းနည်းကြာလေ၊ ခန့်မှန်းချက်က Error (အမှား) များလေပေါ့နော်။ နေ့စဉ်နဲ့အမျှတော့ အပြောင်းအလဲတော့ ရှိနိုင်တယ်ပေါ့နော်"
အဲဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ဘက်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မေလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့ကစပြီး မုတ်သုံလေ ဝင်ရောက်နိုင်တယ်လို့လည်း ပြောပါတယ်။
ဒီနှစ်မှာ ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်တာတွေ နည်းတာကြောင့် မုတ်သုံလေ အဝင်နောက်ကျတာ လို့လည်း သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တွေမှာ မိုးရရှိနေတာဟာ အနောက်ဘက်က လာတဲ့လေပွေလှိုင်းတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနရဲ့ မနက်ဖြန်မနက်အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်တို့မှာ နေရာကွက်ကြားမိုးရွာနိုင်ပြီး ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။