မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးများနိုင်ကြောင်း မိုးဇလထုတ်ပြန်
2018.05.01

မနက်ဖြန် မေလ ၂ရက်နေ့မှာ မုန်တိုင်းငယ် ကျရောက်နိုင်တာကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးများနိုင်တယ် လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မုတ္တမပင်လယ်ကွေ့နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကို ဝင်ရောက်နိုင်ပြီး တစ်နာရီကို မိုင် ၃၀ ကျော်နဲ့ လေတိုက်နိုင် တဲ့အတွက် သတိထားဖို့လိုတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
"ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်နေတဲ့အရှိန်ကြောင့် သူ့ရဲ့လေလှည့်ပတ်အားက တအားကြီးမကောင်းဘူး။ မကောင်းတဲ့အတွက်ကြောင့်မို့လို့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်အဖြစ် ရောက်သွားနိုင်တယ်ပေါ့။ ဒါပေမဲ့ မုန်တိုင်းငယ်အဆင့်မရောက်ဘူးဆိုရင်လည်း အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အဆင့်နဲ့ ကမ်းဖြတ် သွားနိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီကမ်းဖြတ်တဲ့အချိန်မှာတော့ တစ်နာရီကို မိုင် ၃၀ ကျော်နဲ့ တိုက်ခတ်နိုင်တာ ဖြစ်လို့ ဒါတွေကို ကြိုပြီးပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီနေ့တွက်ထုတ်တဲ့ သင်္ချာမော်ဒယ်ပြု အခြေအနေတွေအရ ဆိုရင်တော့ မုတ္တမပင်လယ်ကွေ့နဲ့ သူနဲ့ဆက်စပ်နေတဲ့ဒေသတွေ ကို ဦးတည်နေတယ်ပေါ့နော်။ ၂ ရက်နေ့မှာ တော့ ဖြတ်သွားနိုင်တဲ့ အနေထားလေးရှိတယ်ပေါ့နော်"
မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးများနိုင်တယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် စစ်ကိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ နေပြည်တော်၊ မန္တလေးစတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမပင်လယ်ကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းတွေကျနိုင်ပြီး လှိုင်းကြီးနိုင်တဲ့အပြင် မိုးသက်လေပြင်းကျနေတဲ့အချိန်မှာ ရေပြင်၊ မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။