သမ္မတ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြား


2018.04.17
winmyint-president-622.jpg သမ္မတ ဦးဝင်းမြင့် ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားစဉ်
Photo: Myanmar President Office

ပြည်ထောင်စုအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အံမဝင်ခွင်မကျသူတွေကို အရည်အသွေးရှိသူတွေနဲ့ လူစားလဲ တာတွေ လုပ်သင့်ရင် လုပ်ဆောင်ရမယ်လို့ သမ္မတ ဦးဝင်းမြင့် က ဒီနေ့ ပြောလိုက်ပါတယ်။

သမ္မတ ဦးဝင်းမြင့် က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာမှာ အစိုးရဝန်ထမ်းတွေ လစာတိုးဖို့၊ အစိုးရ ဝန်ထမ်းတွေအတွက် အိမ်ရာတွေ တည်ဆောက်ပေးဖို့၊ တောင်သူလယ်သမားတွေ တစ်နှစ်အတွင်း လယ်ယာမြေ ပိုင်ဆိုင်ခွင့်ရရှိဖို့၊ တရားစီရင်ရေး တည့်မတ်ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ပေးနိုင်ဖို့ စတဲ့ အကြောင်းအရာတွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေးစနစ်အတွက် ကြိုတင်စီမံဆောင်ရွက်တဲ့အနေနဲ့ ဗဟိုချုပ်ကိုင်မှုတွေ လျှော့ချပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ တင်ပြချက်တွေကို အခြေခံပြီး ပြောင်းလဲသင့်တာတွေ ပြောင်းလဲသွားမယ်လို့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ပြည်သူတွေထံ အသိပေးခဲ့ပါတယ်။

အစိုးရဝန်ထမ်းတွေနဲ့ပတ်သက်ပြီး သာမန်ဝန်ထမ်းတွေကို ၂၀ ရာခိုင်နှုန်း လစာတိုးပေးဖို့နဲ့ အရာရှိအဆင့်တွေကို ၁၀ ရာခိုင်နှုန်းတိုးပေးဖို့ ပြည်ထောင်စုအစိုးရက စီစဉ်တွက်ချက်နေတယ်လို့လည်း ဦးဝင်းမြင့် က အသိပေးပြော ကြားခဲ့ပါတယ်။

ဥပဒေမဲ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ လျော်ကြေး နစ်နာကြေးရရှိရေးတို့ကို ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ တောင်သူလယ်သမားတွေရဲ့ မြေပိုင်ဆိုင်ခွင့်လက်မှတ်တွေ တစ်နှစ်အတွင်း အမြန်ဆုံးရရှိအောင်  ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး လာမယ့်တစ်နှစ်အတွင်း လမ်းမကြီးအတွက် မိုင်ပေါင်း ၁၀၀ အသစ် ဖောက်လုပ်မှာဖြစ်သလို တစ်နိုင်ငံလုံးက ကြိုးတံတား ၂၉ စင်းကို ၃လ အတွင်း နိုင်ငံခြားပညာရှင်တွေနဲ့ အသေးစိတ်စစ်ဆေးသွားမယ်လို့ ပြောခဲ့ပါတယ်။

လျှပ်စစ်မီးရရှိမှုနဲ့ပတ်သက်ပြီး လာမယ့် ၃နှစ်အတွင်း မဂ္ဂါဝပ် ၃ထောင် ထပ်မံတိုးမြှင့်ပြီး စုစုပေါင်း မဂ္ဂါဝပ် ၆ထောင်နဲ့ လျှပ်စစ်ဖြန့်ဖြူးသွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးကို အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်တဲ့ လက်ကြီးသမားတွေကို ဦးစားပေးနှိမ်နင်း သွားမှာဖြစ်သလို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ဖောဖောသီသီ ရောင်းဝယ်ဖောက် ကားနေတာတွေကို မသိချင်ယောင်ဆောင်ထားတဲ့ အဓိကတာဝန်ရှိသူတွေကို ဦးစားပေးအရေးယူမှုတွေ ပြုလုပ် မှာဖြစ်တဲ့အပြင် ပိုင်ရှင်မဲ့ဖြစ်သွားတဲ့ ကွင်းဆက်ပျောက်သွားတဲ့ မူးယစ်မှုတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ် သွားလို့ ကတိစကားပြောခဲ့ပါတယ်။

သမ္မတရဲ့ ပြောကြားချက်တွေထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေ ပါဝင်ခြင်းမရှိပါဘူး။

သမ္မတ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတတာဝန် လွဲှပြောင်းယူခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။