ဦးဝီရသူကို ဖမ်းဆီးတရားစွဲဖို့ အစိုးရ ညွှန်ကြားတာလို့ ဦးဇော်ဌေး ပြော
2019.05.31

ဆရာတော် ဦးဝီရသူကို ဖမ်းဆီးတရားစွဲဆိုဖို့ အစိုးရက ညွှန်ကြားတာဖြစ်ကြောင်း၊ ဦးဝီရသူကို ဝန်းရံသူတွေ ပြုလုပ်တဲ့ ဆုတောင်းပွဲတွေနဲ့ပတ်သက်လို့ နိုင်ငံတော်လုံခြုံရေးကို ထိပါးလာနိုင်တဲ့ ကိစ္စတွေကို ဥပဒေအရ ကိုင်တွယ်သွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ဒီနေ့ ပြောလိုက်ပါတယ်။
ဦးဝီရသူကို ဖမ်းဆီးတရားစွဲဆိုဖို့ အစိုးရရဲ့ ညွှန်ကြားချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆက်လက်ဆောင်ရွက်တာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ အစိုးရ သက်တမ်း တတိယနှစ်မြောက်ကာလအတွင်း ဆောင်ရွက်ချက်တွေအကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၄ ခုရဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဦးဇော်ဌေး က ဖြေကြားခဲ့တာပါ။
အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ခရိုင်တရားရုံးမှာ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ဦးဝီရသူကို အရေးယူပေးဖို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပြီး တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ထားပါတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ဦးဝီရသူနဲ့ ပတ်သက်ပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ သြဝါဒအတိုင်း သာသနာရေးဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ဦးဝီရသူကို သြဝါဒပေးဖို့ မေလ ၃ဝ ရက်နေ့ မနေ့က ရန်ကုန်တိုင်း သံဃာ့နာယကရုံးကို လာရောက်ဖို့ ဆင့်ခေါ်ထားခဲ့ပေမယ့် ဆိုင်းငံ့ခဲ့တာဟာ လိုအပ်တဲ့အခြေအနေပေါ်မှုတည်ပြီး ပြောင်းလဲမှုတွေ လုပ်ရတာဖြစ်တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။
ဦးဝီရသူကို ဖမ်းဝရမ်းထုတ်ထားတဲ့အပေါ် ရန်ကုန်မြို့မှာ မနေ့က ဆုတောင်းပွဲ ပြုလုပ်ခဲ့တာတွေ ရှိခဲ့တဲ့အတွက် နောက်ပိုင်းမှာ ဆန္ဒပြတောင်းဆိုတာတွေနဲ့ မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်တာတွေရှိသလားကို RFA က ဦးဇော်ဌေးကို မေးမြန်းခဲ့ရာမှာ နိုင်ငံတော် လုံခြုံရေးကို ထိပါးလာနိုင်တဲ့ ကိစ္စတွေကိုတော့ ဥပဒေအရ ထိထိရောက်ရောက် ကိုင်တွယ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
ဦးဝီရသူဟာ ဧပြီလ ၂၉ ရက်နေ့က မြိတ်မြို့မှာပြုလုပ်ခဲ့တဲ့ ဟောပြောပွဲနဲ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ စကားလုံးတွေသုံးပြီး ဟောပြောခဲ့ပါတယ်။