မိုးညှင်းမြို့နယ်မှာ ကျောက်တူးသူ နဲ့ ဈေးသည်တွေကို ပြောင်းရွှေ့ခိုင်းနေ
2013.02.06

Photo: Google Map
နမ့်ချီမှော်မှာ စီးပွားရှာ လုပ်ကိုင်နေသူတွေကို လုံခြုံရေးအကြောင်းပြပြီး ဒေသခံ လှုပ်ရှားတပ်တွေက နှုတ်မိန့်နဲ့ ပြောင်းရွှေ့ခိုင်းနေတာလို့ ဒေသခံ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
အဲဒီ နမ့်ချီမှော်မှာ စီးပွားရှာနေကြသူတွေဟာ လယ်ယာ လုပ်ငန်းတွေ အဆင်မပြေလို့ အနယ်နယ် အရပ်ရပ်က ရွှေ့ပြောင်းလုပ်ကိုင် စားသောက်ကြသူတွေဖြစ်ပြီး အနည်းဆုံး အိမ်ထောင်စုပေါင်း နှစ်ထောင်လောက်ရှိပါတယ်။
အခုလို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေတဲ့အတွက် သူတို့ရဲ့စားဝတ်နေရေး အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီရက်ပိုင်းတွေအတွင်း ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းတွင်း လုပ်ကွက်တွေဖက်မှာလည်း တနိုင်တပိုင် လုပ်ကိုင်သူတွေကို ဒေသလုံခြုံရေး အာဏာပိုင်တွေက ပြောင်းရွှေ့ခိုင်းနေတယ်လို့ သိရပါတယ်။