ဝမ်ဟောင်ဟန်း အထည်ချုပ်စက်ရုံ အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ရေး ဆက်လက်ဆန္ဒပြ
2013.05.20
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ၄ မှာ ရှိတဲ့ ဝမ်ဟောင်ဟန်း အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ လုပ်ခလစာ တိုးပေးဖို့အတွက် ၅ ရက်မြောက်နေ့အဖြစ် ဒီကနေ့မှာ ဆက်လက်ဆန္ဒပြတောင်းဆိုနေပါတယ်။
အလုပ်ရှင်ဘက်က လုပ်ခလစာကို အနည်းငယ်တိုးပေးခဲ့ပေမယ့် အလုပ်သမားတွေက သူတို့တောင်းဆိုချက်အားလုံး အလုပ်ရှင်ဖက်က လက်ခံလာအောင်အထိ ကြိုးစားသွားမယ်လို့ စက်ရုံအလုပ်သမ မခင်သန္တာဦးက RFA ကို ပြောပြပါတယ်။
"ပထမက နေ့စားခပေးထားတာ ၇၂၀ အဲ့ဒါညီမတို့ နောက်ထပ် ၄၀၀ တိုးတောင်းထားတယ်ပေါ့နော်၊ ထောက်ပံ့ကြေး ပထမပေးထားတာ ၁၂၀၀ဝ၊ နောက်ထပ် ၈၀၀၀ တိုးတောင်းထားတယ် ညီမတို့ ပထမဝမ်တိန်ထိုးရတယ်၊ ၁၀ နှစ်ထိမှတ်ထားတာ၊ အလုပ်ခွင်မှာ ရေသွန်မိတာလည်း ဝမ်တိန်ထိုးရတယ်၊ မုန့်ခိုးလာတာဆိုလည်း ဝမ်တိန်ထိုးရတယ်၊ မှန်ကြည့်နေရင်လည်း ဝမ်တိန်ထိုးရတယ်၊ အဲ့ဒါဝမ်တိန် ၃ ခါပြည့်သွားပြီဆိုရင် သူတို့ကဖြုတ်လိုက်တယ်"
အလုပ်သမားတွေ တောင်းဆိုထားတဲ့အချက်တွေထဲက နေ့စဉ်လုပ်ခ ၄၀၀ တိုးတောင်းတာကို ၂၀၀ တိုးပေးပြီး၊ ထောက်ပံ့ကြေး ၈၀၀၀ တောင်းတာကို ၅၀၀၀ တိုးပေးမယ်လို့ အလုပ်ရှင်ဘက်က ပြန်လည်ပြောထားပေမယ့် တောင်းဆိုချက်အားလုံး အပြည့်အဝရတဲ့အထိ တောင်းဆိုသွားမယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
ဒါ့အပြင် ဆေးခွင့်ယူတဲ့အခါမှာ နေ့စဉ်လုပ်အားခထဲက မဖြတ်တောက်ဖို့၊ လုပ်ငန်းခွင် စည်းကမ်းချက်တွေကိုလည်း အလုပ်ရှင်သဘောအတိုင်း ထုတ်ပြန်တာမျိုးမဟုတ်ပဲ အလုပ်သမားတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့၊ အလုပ်သမားတွေရဲ့ အခြေခံအလုပ်သမားသမဂ္ဂကို အလုပ်ရှင်ဖက်က ရှောရှောရှူရှူလက်ခံပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုနေကြတာလို့ ဆိုပါတယ်။
အခုလ ၁၆ ရက်နေ့က စတင်ဆန္ဒပြတောင်းဆိုရာမှာ ဝမ်ဟောင်ဟန်းစက်ရုံအလုပ်သမား ၁၁၀၀ ကျော် ပါဝင်ခဲ့ပေမယ့် ဒီကနေ့မှာတော့ အလုပ်သမား ၆၀၀ သာ ကျန်တော့တယ်လို့ သိရပါတယ်။