သတင်းသမား အခွင့်အရေးတွေကို အကာအကွယ်ပေးထားတယ်လို့ ဝန်ကြီးပြော
2014.05.03

သတင်းမီဒီယာဥပဒေထဲမှာ သတင်းသမားတွေအပေါ် အကာအကွယ်ပေးနိုင်တဲ့ အခွင့်အရေးတွေ အလုံအလောက်ပါရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။
"ဒီသတင်းသမားများရဲ့ အခွင့်အရေး ကာကွယ်ခြင်း ဆိုတာ အဓိကပါဝင်တယ်၊ နောက်သတင်း ရယူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပါဝင်တယ်၊ ဒီမြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရဲ့ ဖွဲ့စည်းပုံနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်တွေ ပါဝင်တယ်၊ အဲဒီဥစ္စာတွေဟာ သတင်းသမားများအတွက် အကာအကွယ် အလုံအလောက်ရရှိလိမ့်မယ်လို့ ကျနော့်မျှော်လင့်ပါတယ်"
သတင်းမီဒီယာဥပဒေကို ပြီးခဲ့တဲ့မတ်လက အတည်ပြဌာန်းထားပြီဖြစ်ပြီး နည်းဥပဒေ ဆက်လက်ပြဌာန်းနိုင်ဖို့ ကြိုးစားနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောပါတယ်။
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်နဲ့ မြန်မာသတင်းသမားတွေ လိုက်နာသင့်တဲ့ သတင်းမီဒီယာကျင့်ဝတ် အချက်ပေါင်း ၂၇ချက်ပါတဲ့ လက်စွဲစာအုပ်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ နိုင်ငံတကာ မီဒီယာပံ့ပိုးကူညီရေးအဖွဲ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ အခမ်းအနားကျင်းပပြီး ပူးပေါင်းထုတ်ဝေခဲ့ပါတယ်။
အဲ့ဒီ ၂၇ချက်ထဲမှာ တိကျမှု၊ ဘက်မလိုက်မှုနဲ့ မျှတမှု၊ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲများ၊ ပေါက်ကြားလာသော အကြောင်းအရာများ၊ ကန့်သတ်သတင်းအချက်အလက်များနဲ့ သတင်းရင်းမြစ်တွေကို ကာကွယ်ခြင်း၊ မှတ်တမ်းယူရာမှာ ကာယိန္ဒြေထိပါးခြင်း အတင်းအကျပ်ရယူခြင်းနဲ့ ချောင်းမြောင်းရယူခြင်း၊ အယောင်ဆောင်လှည့်စားခြင်းစတဲ့ သတင်းမီဒီယာကျင့်ဝတ် အချက်ပေါင်း ၂၇ ချက်ကို အတည်ပြုထုတ်ပြန်ခဲ့တာပါ။
လက်ရှိမှာ ပြည်တွင်းသတင်းသမား ၇ ဦးဟာ ဖမ်းဆီးအရေးယူခံရတာပြီး တရားရင်ဆိုင်နေရတာတွေ ရှိနေပါတယ်။
နယ်စည်းမထား သတင်းထောက်များအဖွဲ့ Reporters Without Borders ရဲ့ ၂၀၁၄ ခုနှစ် သတင်းမီဒီယာ လွတ်လပ်ခွင့် ညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သတင်းမီဒီယာလွတ်လပ်ခွင့် နံပါတ် ၁၄၅ အထိ ရောက်နေပါတယ်။
ဒီအတောအတွင်း မြန်မာအာဏာပိုင်တွေအနေနဲ့ သတင်းထောက်တွေကို ထင်ရာစိုင်းဖမ်းဆီးနေတာတွေ ရပ်တန်းကရပ်ဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို မြှင့်တင်နိုင်ရေးအတွက် မီဒီယာဥပဒေကို ထုတ်ပြန်ပေးဖို့ အမေရိကန် နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာက ကောင်းချီပေးနေချိန်မှာဘဲ သတင်းထောက်တွေကို ဖမ်းဆီးခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ HRW အာရှတိုက်ဒုတိယတာဝန်ခံ Phil Robertson ကပြောပါတယ်။ အစိုးရရဲ့ ဒီဆောင်ရွက်ချက်တွေဟာ မီဒီယာလွတ်လပ်ခွင့်ပေးမယ်လို့ ပြောထားတဲ့ ကတိစကား မတည်ရာရောက်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်နဲ့ မြန်မာသတင်းစာဆရာတွေ လိုက်နာသင့်တဲ့ သတင်းမီဒီယာ ကျင့်ဝတ်တွေကို အခမ်းအနားကျင်းပပြီး အတည်ပြုထုတ်ပြန်ခဲ့တာတွေနဲ့ ပတ်သက်လို့
RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။