စာရေးဆရာ ကဗျာဆရာကြီးဒဂုန်တာရာ ရာပြည့်အခမ်းအနား
2019.05.10

ကွယ်လွန်သူ စာရေးဆရာ ကဗျာဆရာကြီးဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို မြန်မာနိုင်ငံအနှံ့က စာပေညာရှင်တွေ၊ စာပေနယ်သားတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် စာရေးဆရာနဲ့ ကဗျာဆရာတွေက ဆရာကြီးဒဂုန်တာရာအတွက် သဝဏ်လွှာတွေ၊ အမှတ်တရကဗျာတွေနဲ့ စာတမ်းတွေ ဖတ်ကြားခဲ့ကြပါတယ်။
NLD က ပေးပို့တဲ့ သဝဏ်လွှာမှာ NLD ဟာ ဆရာကြီးရဲ့ အမျိုးသားရင်ကြားစေ့ရေးမူနဲ့ မုန်းသူမရှိ ချစ်သူသာရှိ၊ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ဆိုတဲ့ အဆိုအမိန့်ကို ယနေ့ထက်တိုင် စွဲကိုင်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဆရာကြီးကို ၁၉၁၉ ခုနှစ် မေလ ၁ဝ ရက်နေ့မှာ ဖခင် ဦးဘအုန်းနဲ့ မိခင် ဒေါ်ဖွားရှင်တို့က ဧရာဝတီတိုင်း ကျိုက်လတ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ တဦးတည်းသောသားဖြစ်ပြီး နာမည်ရင်း ဦးဌေးမြိုင် ဖြစ်ပါတယ်။ ဆရာကြီးဒဂုန်တာရာဟာ ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ အောင်ပန်းမြို့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။