အိုင်တီနည်းပညာအလွဲသုံးစွဲမှုကို စောင့်ကြည့်မယ့်ကော်မတီ ဖွဲ့စည်းမည်
2017.11.08
ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပူးပေါင်းပြီး အိုင်တီနည်းပညာ အလွဲသုံးစွဲမှုကို စောင့်ကြည့်ဖော်ထုတ်အရေးယူနိုင်ဖို့အတွက် ကော်မတီဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
လူူငယ်လူရွယ်တွေ အကျင့်စာရိတ္တပျက်ပြားစေတာ၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေတာတွေကြောင့် အိုင်တီနည်းပညာသုံးစွဲမှုကို လိုအပ်သလိုစောင့်ကြည့်ထိန်းကျောင်းဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
ဂန့်ဂေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် တင်သွင်းတဲ့အဆိုကို တပ်မတော်သား ကိုယ်စားလှယ် ၁ ဦးအပါအဝင် ငါးဦးကဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဆိုကို အတည်ပြုပေးဖို့ လွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။
ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေမှာ လူမှုကွန်ရက်တွေမှာ ဘာသာရေး၊ လူမျိုးရေးအမုန်းပွားစေတဲ့ ပြောဆိုမှုတွေကို စိုးရိမ်တာတွေရှိသလို လူတစ်ဦးချင်းရဲ့ လွတ်လပ်မှုထိခိုက်မှာကို စိုးရိမ်တာတွေလည်း ပါဝင်ပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးနေဝင်းက လူမှုကွန်ရက်ကို အသုံးပြုပြီး ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့၊ Cyber ဥပဒေ အမြန်ဆုံးပေါ်ထွက်အောင် ဆောင်ရွက်ပေးဖို့ အကြံပြုဆွေးနွေးခဲ့ပါတယ်။
ကိုယ်စားလှယ်တွေဆွေးနွေးအပြီးမှာ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီး ဦးသန့်စင်မောင်က ဖွဲ့စည်းပုံ အခြေခံဥပဒေပါလွတ်လပ်ခွင့်၊ ပုဂ္ဂလိကလွတ်လပ်မှုကို မထိခိုက်စေဘဲ ဆောင်ရွက်မှာဖြစ်တဲ့အတွက် အဆိုကို အတည်ပြုပေးဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။