အင်တာနက် သုံးစွဲနိုင်မှု များလာရေး Google အကြီးအကဲ တွန်းအားပေး
2013.03.22

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးမားဆုံး အင်တာနက် Google ကုမ္ပဏီ ဥက္ကဌ Eric Schmidt က အစိုးရအနေနဲ့ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်မှုမရှိရေးဟာ အရေးကြီးကြောင်း ဒီနေ့မှာ ပြောလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ MICT Park ဝန်းထဲက မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။ အဲဒီပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell လည်း တက်ရောက်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အိုင်စီတီကဏ္ဍသစ်တရပ် တိုးတက်ဖို့အတွက် ဂူဂယ်ကုမ္ပဏီက နည်းပညာ အကူအညီတွေရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အိုင်တီနည်းပညာနဲ့ အင်တာနက်ဖွံ့ဖြိုးမှု နည်းပညာတွေလည်း တိုးတက်လာမယ်လို့ ဒီကနေ့တွေ့ဆုံဆွေးနွေးအပြီးမှာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက် ဆက်သွယ်ရေးစနစ် ပိုထွန်းကားဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ လွတ်လပ်စွာလုပ်ပိုင်ခွင့် ပေးသင့်တယ်လို့လည်း ဂူဂယ်ကုမ္ပဏီ ဥက္ကဌက ပြောခဲ့ပါတယ်။
ဒါ့အပြင် အင်တာနက်သုံးစွဲမှုအပြင် ဝန်ဆောင်မှုလုပ်ငန်းတွေ ကျယ်ပြန့်လာမယ်ဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ လျင်လျင်မြန်မြန် ပွင့်လင်းလာလိမ့်မယ်လို့လည်း ဂူဂယ် ဥက္ကဌ Mr. Schmidt က ထည့်သွင်းပြောခဲ့ပါတယ်။
ဂူဂယ်ကုမ္ပဏီအကြီးအကဲရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး အာအက်အေ ဝိုင်းတော်သူ ဒေါ်စန်းစန်းတင်က စုစည်းတင်ပြထားပါတယ်။