အင်တာနက် ပွင့်လင်းမှုရဲ့ နောက်ကွယ်က အန္တရာယ် Google ဥက္ကဌ စိုးရိမ်
2013.04.02

ကမ္ဘာ့အထီးကျန်အဖြစ်ဆုံး နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အင်တာနက်ပွင့်လင်းမှု တိုးတက်လာတာနဲ့အညီ စိုးရိမ်စရာအချက်တွေရှိနေကြောင်း Google ကုမ္ပဏီ ဥက္ကဌ မစ္စတာ Eric Schmidt က မနေ့က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ Google ကုမ္ပဏီက အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ဖို့အတွက် ပြီးခဲ့တဲ့လကလာရောက်ခဲ့တဲ့ မစ္စတာ Eric Schmidt က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အကောင်းမြင်တဲ့အချက်တွေရှိသလို၊ စိုးရိမ်စရာတွေလည်းရှိနေကြောင်း Google စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အဲဒီထဲက အဓိကအချက်အနေနဲ့ မြန်မာနိုင်ငံမှာ ကာလရှည်ကြာရှိနေခဲ့တဲ့ ဘာသာရေး ပဋိပက္ခတွေဟာ အင်တာနက်ပေါ်ရောက်ရှိ ဖုံးလွှမ်းသွားပြီး၊ နောက်ထပ်ဖိနှိပ်မှု ခေတ်သစ်တစ်ခုဆီ ဦးတည်သွားမှာကို အထူးစိုးရိမ်မိတယ်လို့ ရေးသားခဲ့ပါတယ်။
ဖိနှိပ်ချုပ်ချယ်မှုတွေ တားဆီးမှုတွေ ဖယ်ရှားလိုက်တာနဲ့အမျှ နဂိုမူလကရှိနေတဲ့ ဘာသာရေးတင်းမာမှုတွေဟာ မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့အတူ ထကြွလာလို့ အစိုးရအနေနဲ့ စစ်တပ်ကို အသုံးပြုရတဲ့အခါ မြန်မာနိုင်ငံရဲ့ အင်တာနက်ဟာလည်း အန္တရာယ်ကာလအပိုင်းအခြားထဲ ရောက်ရှိသွားတော့မှာဖြစ်ပါတယ်လို့ မစ္စတာ Schmidt က ဆိုပါတယ်။
ဒါ့ပြင် လက်ရှိမြန်မာနိုင်ငံ အခြေအနေတွေကြောင့် အင်တာနက် လွတ်လပ်ခွင့်အပေါ် ထိပါးနိုင်တဲ့ဘေးက ကယ်တင်နိုင်မယ့်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်သာရှိကြောင်း၊ ပဋိပက္ခအခြေအနေတွေ အေးချမ်းလာရေးမှာ မြန်မာနိုင်ငံသားတွေရဲ့ ပင်ကိုယ်စိတ်နှလုံး သဘောထား ကောင်းမွန်တာကလည်း အကောင်းဘက်ကို မျှော်လင့်နိုင်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း Google ကုမ္ပဏီ ဥက္ကဌ မစ္စတာ Eric Schmidt က ရေးသားခဲ့ပါတယ်။