သတင်းထောက် ကိုစည်သူဇေယျကို နောက်ထပ် ၁၀ နှစ်တိုး

သတင်းထောက် ကိုစည်သူဇေယျ ကို အီလက်ထရောနစ် ပုဒ်မ (၃၃-ခ) နဲ့ နောက်ထပ် ထောင်ဒဏ် (၁၀) နှစ် အင်းစိန်ထောင် အထူးတရားရုံးမှာ ဒီကနေ့ ညနေက အမိန့်ချမှတ် လိုက်ပါတယ်။

2011.09.14
bomb_ambulance_305_z.jpg ရန်ကုန်မြို့၊ ကန်တော်ကြီးနဘေးရှိ X2O သြင်္ကန်မဏ္ဍပ်တွင် ၂၀၁၀ ဧပြီ ၁၅ ရက် သြင်္ကန်အကြတ်နေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ကိုစည်သူဇေယျကို အရင်က ပုဒ်မ- ၁၃ တရားမဝင် နယ်စပ် ဖြတ်ကျော်မှု၊ ပုဒ်မ - ၁၇ မတရားသင်း ဆက်သွယ်မှု စတဲ့ ပုဒ်မနှစ်ခုနဲ့ မြန်မာ အစိုးရ အာဏာပိုင်တွေက စွပ်စွဲပြီး ထောင်ဒဏ် (၈) နှစ် ချမှတ်ထားတာပါ။ ဒါကြောင့် ဒီနေ့ ထပ်ချလိုက်တဲ့ ထောင်ဒဏ် (၁၀) နှစ်နဲ့ ဆိုရင် စုစုပေါင်း ထောင်ဒဏ် (၁၈) နှစ် ဖြစ်သွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကိုစည်သူဇေယျရဲ့ ဦးလေးဖြစ်သူ ဦးဒေဝက RFA ကို အခုလို အတည်ပြု ပြောဆိုပါတယ်။

" ၁၀နှစ်ပါ။ ပုဒ်မ (၃၃-ခ) အီလက်ထရောနစ် ပုဒ်မလို့ ခေါ်ပါတယ်။ ပြည်ပက မတရားအဖွဲ့အစည်းတွေကို အင်တာနက်က ဆက်သွယ်ပြီး သတင်းပေးတယ်ပေါ့။ ဘာမှ complaint တက်လို့ မရတော့ဘူးလေ။ ဒါ တရားသူကြီး အမိန့်ချသွားတာဘဲ။ အဲဒီလိုတော့ ကြိုတင်ပြီးတော့ တွက်ဆထားပြီးသားပါ။"

ကိုစည်သူဇေယျကို ဖခင်ဖြစ်သူ စာရေးဆရာ ဦးမောင်မောင်ဇေယျ ခေါ် သားကြီးမောင်ဇေယျနဲ့အတူ ၂၀၁၀ ဧပြီလ က ရန်ကုန် သြင်္ကန် X2O မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှု အပြီး၊ ဗုံးကွဲတဲ့ ဖြစ်ရပ်ကို ဓါတ်ပုံရိုက် သတင်းယူမှုနဲ့ စစ်အစိုးရက ဖမ်းဆီးပြီး ထောင်ဒဏ် အသီးသီး ချမှတ်ထားတာ ဖြစ်ပါတယ်။

သူတို့ဟာ ကွယ်လွန်သူ စာရေးဆရာ လင်းယုန် မောင်မောင်ရဲ့ သားနဲ့မြေးလည်း ဖြစ်ပါတယ်။

ဦးမောင်မောင်ဇေယျတို့ သားအဖ အပါအဝင် သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချနေတာကို နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ RSF က မြန်မာ အစိုးရကို ပြစ်တင် ရှုတ်ချလိုက်ပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆို တိုက်တွန်းလိုက် ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုနေရိန်ကျော်က စုစည်းတင်ပြထား ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။