ရမည်းသင်းမှာ PR စနစ် အလိုမရှိကြောင်း ဆန္ဒပြ
2014.08.16

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မှာ PR ခေါ် အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် အလိုမရှိကြောင်း ဒေသခံ လူနှစ်ရာကျော်လောက် ဒီနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ရမည်းသင်းမြို့နယ် NLD ပါတီ ဥက္ကဌ ဦးမျိုးသိန်းက အခုလိုပြောပါတယ်။
"ကျနော်တို့က ပီအာကိုဆန္ဒပြရတာက ပြည်သူလူထုရဲ့ အကြောက်တရားပေါ့နော်၊ ဒီလိုလွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်ဆိုတာကို သိအောင်လုပ်ပြ တာဖြစ်ပါတယ်၊ ပီအာစနစ်ရဲ့ အားနည်း ချက်တွေပေါ့နော်၊ မြန်မာနိုင်ငံရဲ့ အခြေအနေ ၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့တို့ ဘာတို့မှာ အခက်အခဲရှိ တဲ့အတွက်ကြောင့် ကျနော်တို့က ပီအာစနစ်ကို ဒီလိုဖော်ပြတာပါ"
ဒီဆန္ဒပြပွဲကို ရမည်းသင်းမြို့နယ်က NLD ပါတီဝင်တွေ၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က အဖွဲ့ဝင်တွေ ပါဝင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
လမ်းလျှောက်ဆန္ဒပြသူတွေဟာ မနက် ၉ နာရီကစတင်ပြီး ရမည်းသင်းမြို့နယ်က ထိန်ပတ်လမ်းအတိုင်း လမ်းလျှောက်ဆန္ဒပြကြပြီး မြို့မရပ်ကွက်မှာရှိတဲ့ NLD ရုံးမှာ PR စနစ်အကြောင်း ဆွေးနွေးဟောပြောပွဲကိုလည်း ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲစနစ် အကောင်အထည်ဖော်ရေးကော်မရှင်ကို ပြည်သူ့ လွှတ်တော်မှာ ဖွဲ့စည်းထားပြီး၊ အချိုးကျကိုယ်စားပြုစနစ် အကောင်အထည်ဖော်ရေး ကော်မတီကို အမျိုးသား လွှတ်တော်မှာ ဖွဲ့စည်းထားပါတယ်။
PR စနစ်အလိုမရှိကြောင်း ဆန္ဒပြပွဲတွေကို ပြီးခဲ့တဲ့ရက်တွေက ရန်ကုန်၊ ပြည်၊ တောင်ငူမြို့ တွေ မှာ ပြုလုပ်ခဲ့ကြပါတယ်။