ရန်ကုန်မြို့ အလှည့်ကျ မီးပေးစနစ် ဇွန်လလယ်မှာ အဆင်ပြေနိုင်မည်
2019.05.09

ရန်ကုန်မြို့မှာ အလှည့်ကျစနစ်နဲ့ မီးပေးနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လာမယ့် ဇွန်လလယ်မှာ အဆင်ပြေနိုင်မယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး က ပြောလိုက်ပါတယ်။
အင်န်အယ်လ်ဒီပါတီ ဦးဆောင်တဲ့ အစိုးရရဲ့ သုံးနှစ်မြောက်ကာလ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီကနေ့စတင်ကျင်းပရာမှာ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက အဲဒီလို ပြောခဲ့တာပါ။
ဒါ့အပြင် လက်ရှိကောက်ခံနေတဲ့ လျှပ်စစ်မီတာခနည်းတဲ့အတွက် တစ်နှစ်ကို အစိုးရက ကျပ်ဘီလီယံ ၅၀၀ ကျော် ထောက်ပံ့နေရပြီး မီတာခတိုးမြှင့်ဖို့ မကြာခင် ကြေညာနိုင်မယ့်အကြောင်းလည်း သူက ပြောပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့က ရှင်းလင်းဖြေကြားတာဖြစ်ပါတယ်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညိုက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း တည်ဆောက်တာဟာ စစ်ကူပေးဖို့လည်းပါတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမှာ အဲဒီလို ငွေကျပ်သိန်း ၄၀ တန် ရဟတ်ယာဉ်ကွင်းတွေ တည်ဆောက်တာဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ဒေသခံတွေအတွက် သွားလာရေးနဲ့ ထောက်ပံ့ ပစ္စည်းပေးပို့ဖို့ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့လိုက်တာပါ။