စက်မှုဇုန်မြေဈေးကြီးမြင့်မှု လွှတ်တော်မှာ မေးမြန်း


2014.10.15
construction-620.jpg ရန်ကုန်မြို့နယ်အတွင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Photo: RFA

အစိုးရအဖွဲ့အနေနဲ့  စက်မှုဇုန်အတွင်းက လျာထားမြေ ကွက်တွေကို ချထားပေးရာမှာ အမှန်တကယ် လုပ်ကိုင် မယ့် လုပ်ငန်းရှင်တွေကတင်ပြမှသာ ချထားပေးတော့ မှာဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင်က ဒီကနေ့ ပြောပါတယ်။

အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက စက်မှုဇုန်မြေကွက်တွေမှာ အမှန်တကယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေဟာ မြေပါမစ်ရရှိထားသူတွေထံ က ဈေးကြီးပေးပြီး ငှားရမ်းနေရကြောင်း၊ စက်မှု ဇုန်မြေဈေးနှုန်းကြီးမြင့်မှုဟာ ပြည်ပက ဝင်ရောက်လာ မယ့် ရင်းနှီးမြှုပ်နှံမှုတွေအတွက် အခက် အခဲဖြစ်နေကြောင်းနဲ့ အစိုးရအနေနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်နေပုံကို မေးမြန်းခဲ့ပါတယ်။

အဲဒီမေးမြန်းချက်ကို လာရောက်ဖြေကြားခဲ့တဲ့ ဒုတိယဝန်ကြီး ဦးသိန်းအောင်က စီမံကိန်းအကောင်အထည်မဖော် ဘဲ မြေကွက်ဝယ်ယူထားသူတွေမရှိအောင် ဖြေရှင်းဆောင်ရွက်ပေးနေတယ်လို့ သတင်းထောက်တွေ ကို ပြောပါတယ်။

"ရန်ကုန်ဆိပ်ကမ်း အရှေ့ပိုင်းမြို့နယ်မှာ မြေကွက် ၂၉ ကွက်ကို ဖော်ထုတ်ပြီးတော့ရောင်းတယ်၊ ရောင်းလိုက်တဲ့ အခါကျတော့ ဝယ်ချင်တဲ့လူတွေက တအားဝယ်တယ်၊ တင်ဒါတွေက အရမ်းများတယ်၊ ဒီလိုတင်ဒါတင်လို့ ရှိရင် ရောင်းမယ်၊ ပိုက်ဆံရှိတဲ့လူက ယူထားမယ်၊ တကယ်အလုပ်မလုပ်ရင် ဒီမြေကွက်က လွတ်နေဦးမှာပဲ၊ ကျနော်တို့က ဘာလုပ်မှာလဲဆိုတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကိုင်တွယ်ပြီး ဆောင်ရွက် မှာလဲ၊ ဘာလုပ်ငန်းတွေလုပ်မှာလဲ၊ လုပ်သားအင်အား ဘယ်လောက်ခန့်မှာလဲဆိုတာကို မေးမြန်းပြီးတော့ မှ မြေကွက်ကို ရောင်းတဲ့အခါကျတော့ မြေဈေးတွေကလည်း ကျသွားတယ်၊ အစိုးရအဖွဲ့အနေနဲ့ကလည်း ဒါနဲ့ပတ်သက်ပြီးတော့ ဒုတိယသမ္မတကြီး ဦးဉာဏ်ထွန်း ဦးစီးပြီးတော့ တစိုက်မတ်မတ်လေး ဆောင်ရွက်နေတယ် လို့ ဒါလေး တင်ပြဖို့လာတာပါ"

ဒေါက်တာ မြတ်ဉာဏစိုးက အစိုးရအနေနဲ့ လတ်တလော ဆောင်ရွက်နေတာထက် ပိုတိုးပြီးဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

"အစိုးရအဆက်ဆက် တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ရာထူးကြီးတဲ့ပုဂ္ဂိုလ်တွေ သူတို့နဲ့ ဆက်နွယ်နေတဲ့သူတွေပါပါတယ်၊ ဒါကတော့ ငြင်းချက်ထုတ်လို့လည်း မရပါဘူး၊ မျက်မြင်မှာလည်း ဒီအတိုင်းရှိနေတာပဲ၊ ဒုဝန်ကြီးကလည်း ဒါကိုဖြေသွားပါတယ်၊ ကိုယ်စားလှယ်ကြီးပြောတာ မှန်ကန်ကြောင်း ထောက်ခံပါတယ်လို့ ဖြေသွားပါတယ်၊ အဲတော့ ဒါတွေကို ပြန်လည်ဆောင်ရွက်တဲ့နေရာမှာ တော်တော်လေးခက်ခဲမယ့် အနေအထားတော့ရှိတယ်၊ ဒီအစိုးရသက်တမ်းတစ်ရပ်မှာ ပြတ်မလားဆိုရင် ဆောင်ရွက်တဲ့အပေါ်မှာ မူတည်ပါတယ်၊ ရန်ကုန်တိုင်းဒေသကြီး မှာ တကယ်မြေဈေး ပြုတ်ကျသွားအောင် ဆောင်ရွက်ဖို့အချိန်တန်နေပြီ၊ ဒါမျိုးလုပ်နိုင်တာက ပြည်ထောင်စု အစိုးရအဖွဲ့ကပဲ လုပ်နိုင်တယ်၊ ပြတ်ပြတ်သားသား ခံယူထားတယ်ဆိုရင် ညင်ညင်သာသာ ဆောင်ရွက် ခဲ့တာတွေကနေ ရှေ့တစ်လှမ်းတိုးလိုက်ပါတော့လို့ ကျနော် ပြောချင်ပါတယ်"

မြေဈေးနှုန်းတွေ အဆမတန်ကြီးမြင့်တာဟာ မြေဝယ်ရောင်းလုပ်ပြီး ရင်းနှီးမြှုပ်နှံနေသူတွေရှိတဲ့အတွက် မြေဝယ် ယူရာမှာ အခွန်ပေးဆောင်ဖို့နဲ့ ဝယ်ယူပြီး အသုံးမပြုတဲ့မြေတွေကို ပြန်လည်သိမ်းယူသင့်တယ်လို့ လည်း ဒေါက်တာ မြတ်ဉာဏစိုးက ဒီကနေ့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။