ရန်ကုန်မြို့သစ်စီမံကိန်း ဆွေးနွေးပွဲ ကျင်းပ


2018.06.23
nydc-press-622.jpg ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က (UMFCCI) မှာ ကျင်းပခဲ့စဉ်
Photo: New Yangon Development Company Limited -fb

ရန်ကုန်မြို့သစ်ဖံ့ွဖြိုးရေး ကုမ္ပဏီလီမိတက် NYDC က ဦးဆောင်ပြီး မြို့သစ်စီမံကိန်းနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဒီကနေ့ ရန်ကုန်မြို့က ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ကျင်းပခဲ့ ပါတယ်။

ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ The Voice ဂျာနယ်ရဲ့ ဒုတိယအယ်ဒီတာချုပ် ဦးဇေယျသူက ဆွေးနွေးပွဲမှာ ထည့်သွင်းမေးမြန်း ဆွေးနွေးခဲ့တာတွေကို အခုလို ပြောပါတယ်။

"ဒီနေ့ NYDC ဆွေးနွေးပွဲကတော့ အဲဒီလူပြောများနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကုမ္ပဏီပေါ့လေ၊ အဲ့တာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြတာပေါ့လေ၊ မြို့သစ်စီမံကိန်းဖြစ်သင့်လား မဖြစ်သင့်ဘူးလား၊ နောက်ပြီးတဲ့ အခါကျတော့ လုပ်ရင်ရောတွက်ခြေကိုက်ပါ့မလား၊ ပြည်သူတွေအတွက်ရော အကျိုးရှိမလား၊ ဘယ်လိုဖွဲ့စည်း တည်ဆောက်ပုံက ဘယ်လိုရှိတာတုန်း အဲ့တာမျိုးမေးလို့ရတဲ့ မေးခွန်းတွေကိုတော့ ကျနော်တို့ အကုန်မေးကြ တယ်၊ ကျနော့်အနေနဲ့ကတော့ ဒါကပြည်သူတွေအတွက် ဘယ်လောက်အကျိုးရှိမလဲ၊ အကျိုးရှိအောင် ဘယ်လိုလုပ်မလဲပေါ့နော်၊ စီမံကိန်းမှာ ပွင့်လင်းမြင်သာမှု ပြည်သူကို ရှင်းရှင်းလင်းလင်းတင်ပြဖို့လိုတယ်၊ နောက်ပြီးတဲ့အခါကျတော့ စီးပွားရေးတွက်ခြေကိုက်အောင် ဘယ်လိုလုပ်မှာလဲ၊ နောက်ပြီးတော့ဒါက ရွေးကောက်ပွဲနီးမှလည်း ဖြစ်တဲ့အခါကျတော့ နိုင်ငံရေးတို့ဘာတို့များ စဉ်းစားချက်များ ပါနေသလားလို့ပေါ့နော်၊ ဆိုတော့ အစရှိတဲ့ဟာတွေ ကျနော်တော့ ဆွေးနွေးခဲ့ပါတယ်"

ဦးဆောင်ဆွေးနွေးသူတွေက NYDC ရဲ့ အမှုဆောင်အရာရှိချုပ ်ဦးသမ်းဝေ (ခ) Serge Pun၊ Sandhi Governance Institute ရဲ့ ဒါရိုက်တာ ဦးခိုင်ဝင်း၊ Alpha Computer Mandalay Co Ltd ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးရဲမြတ်သူနဲ့ The Voice ဂျာနယ်ရဲ့ ဒုတိယအယ်ဒီတာချုပ် ဦးဇေယျသူတို့ ဖြစ်ပါတယ်။

မြို့သစ်စီမံကိန်းကြောင့် ရန်ကုန်မြစ် အနောက်ဘက်ကမ်းတစ်ကြောလုံး ဖံ့ွဖြိုးတိုးတက်ပြီး လူဦးရေ ၂ သန်းလောက် ကို အလုပ်အကိုင်ပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောထားပါတယ်။

NYDC မှာ ရန်ကုန်တိုင်းအစိုးရအဖ့ွဲ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အမှုဆောင်အရာရှိချုပ်နဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေက ဆောင်ရွက်မှာပါ။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကုန်ကျဖို့ခန့်မှန်းထားပြီး ရန်ကုန်တိုင်းအစိုးရပိုင်တဲ့ NYDC ကုမ္ပဏီက ဒေါ်လာ ၇ သန်း (ကျပ်ငွေ ၁ဝ ဘီလီယံ) မတည်ပြီး စတင်တည်ဆောက်မှာဖြစ်ပါတယ်။

လက်ရှိရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးမှုမရှိသေးတဲ့ အဲဒီစီမံကိန်းဟာ ရန်ကုန်မြို့ ကြည့်မြင်တိုင် အနောက် ဘက်ကမ်းက မြေဧက ၂ သောင်းခန့်မှာ အကောင်အထည်ဖော်မှာဖြစ်ပြီး တရုတ်အစိုးရရဲ့ ရှယ်ယာအများဆုံးပိုင်တဲ့ CCCC စီလေးလုံးကုမ္ပဏီကို ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အစိုးရက ရွေးချယ်ထားပြီးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။