ရန်ကုန်မြို့ လုံခြုံရေး အလေးထားဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်ပြော
2024.10.09

ရန်ကုန်တိုင်းထဲမှာ ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသူတွေ ရန်ကုန်တိုင်းထဲ စိမ့်ဝင်မလာဖို့နဲ့ တိုက်ခိုက်တာတွေ မလုပ်နိုင်ဖို့ မပြတ် စောင့်ကြည့်ရမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၈ ရက်နေ့မှာ ပြောပါတယ်။
ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး လုံခြုံရေးလုပ်ငန်းစဥ်တွေမှာ ပြည်သူလူထု ပူးပေါင်းပါဝင်ရမယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်မြို့မှာတော့ ဒီရက်ပိုင်း လုံခြုံရေးအပြည့်နဲ့ သန်းခေါင်းစာရင်းကောက်နေတာ၊ ရပ်ကွက်တချို့မှာ ဧည့်စာရင်းစစ်တာနဲ့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုတချို့လည်း ရှိနေတာကြောင့် လုံခြုံရေး စိုးရိမ်နေရတယ်လို့ တာမွေမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီရက်ပိုင်း ဘယ်နားသွားသွား စစ်သားနဲ့ ရဲတွေချည်းပဲပေါ့နော်။ ကင်းလှည့်တာတွေ တွေ့ရင်လည်း ဖမ်းမလားဆိုပြီး ကြောက်နေရတယ်။ လုံခြုံရေးမှာ အခုပြည်သူတွေ ပူးပေါင်းဖို့ ပြောပေမဲ့ ပြည်သူတွေကတော့ ဘယ်ပူးပေါင်းချင်ပါ့မလဲ ကြောက်လို့သာ လုပ်ကြရတာလေ သူတို့ခေါ်တာသွားရတာပဲ ကိုယ်တွေက ဒီမှာပဲ နေနေရတာ ဆိုတော့လေ”
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာတော့ ရန်ကုန်မြို့မှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေကို လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ် ၁၂ ဦးနဲ့ ရန်ကုန်မြို့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
ဒီအပြင် စက်တင်ဘာလထဲမှာပဲ ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်တဲ့ လူငယ်လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးအင်အားစုတွေက ပြောပါတယ်။
ဒီအခြေအနေတွေကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ဟာ ဘက်ပေါင်းစုံက လုံခြုံမရှိတော့ဘူးလို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ ယာဉ်မောင်းအမျိုးသား တစ်ဦးက ပြောပါတယ်။
“လုံခြုံရေးကတော့ အစကတည်းက ကျွန်တော်တို့ ဘဝတွေက မလုံခြုံတာလေ ကြာခဲ့ပြီပေါ့။ သားသမီးတွေလည်း စိတ်ပူရတယ်။ ကိုယ် ကိုယ်တိုင်လည်း မလုံခြုံဘူးပေါ့။ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ တိုင်းပြည်မှာ ကိုယ့်ကိုယ်ကိုယ် ဘာမှ မသေချာဘူး။ ဒီနေ့အပြင်ထွက်ရင်တောင် ဒီနေ့မသေချာဘူးဗျာ”
စစ်ကောင်စီကတော့ ရပ်ကွက်နဲ့ ကျေးရွာတွေအထိ လက်နက်တပ်ဆင်ပေးမဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဩဂုတ်လ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီက အသက် ၃၅ နှစ်နဲ့ ၆၅ နှစ်အတွင်းရှိတဲ့ အမျိုးသားတွေကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စာရင်းကောက်တာ၊ လူအင်အားစုဆောင်းတာနဲ့ စစ်သင်တန်းပေးနေတာတွေ အထိရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။