ရေဦးမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံး

RFA Burmese
2024.10.08
ရေဦးမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံး စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံရွာအား စစ်ကောင်စီတပ် ဗုံကြဲတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသည့် အဆောက်အဦများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံရွာကို အောက်တိုဘာလ ၈ ရက်နေ့ညနေက စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် လသားအရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲမရှိချိန်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား) က RFA ကို ပြောပါတယ်။

"မိတ္ထီလာ ရှမ်းတဲကနေ တက်လာတဲ့ MiG-29 ဖိုက်တာနဲ့ ဘာတိုက်ပွဲမှဖြစ်မထားသလို စစ်ကြောင်းထိုးနေတာ လုံးဝမရှိဘဲ၊ အခုညနေပိုင်းလေးနာရီကျော်က ရေဦးနယ်အနောက်ခြမ်း တင်းတိမ်ရံရွာ စျေးကြီးအနီးကို ဗုံးကြဲတိုက်ခိုက်သွားတယ်၊ ခြောက်လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ ကလေးမိခင်တစ်ဦး ၊ ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့တယ်"

ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် နောက်ထပ် ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ပျက်စီးတဲ့အိမ်အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

အောက်တိုဘာလ ၅ ရက်နေ့ကလည်း တင်းတိမ်ရံရွာစျေးအနီးက ဘုရားကုန်းနယ်မှာ စစ်ကောင်စီတပ်က ပေါင်ငါးရာဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ပြောပါတယ်။

တင်းတိမ်ရံရွာမှာ အိမ်ခြေ ခုနစ်ရာနီးပါးနဲ့ လူဦးရေ တစ်ထောင်ကျော်ရှိပြီး စစ်ကောင်စီက ဗုံးကြဲနေတာကြောင့် ရွာထဲမှာမနေရဲတော့ဘဲ ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။

၂၀၂၂ ခုနှစ်ကလည်း တင်းတိမ်ရံရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့တာကြောင့် စျေးအပါအဝင် နေအိမ် လေးရာနီးပါး ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိနိုင်ဖို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန်ဝင်းအောင်ကို ဆက်သွယ်မေးမြန်းရာတော့ သူ့အနေနဲ့ မသိသေးဘူးလို့ RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။