Total ကုမ္ပဏီ သဘာဝဓာတ်ငွေ့ရှာဖွေမှု ငါးဖမ်းလုပ်ငန်းကိုထိခိုက်
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ရှိ ပသျှူးရေနဲ့မော်ငန်းကျေးရွာတွေက ဒေသခံတွေငါးဖမ်းတဲ့ရေပြင်မှာ Total ကုမ္ပဏီကသဘာဝဓာတ်ငွေ့နဲ့ ရေနံရှာဖွေ့ စမ်းသပ်လုပ်ကိုင်နေတာကြောင့် ပျက်စီးဆုံးရှုံးတာတွေရှိနေတဲ့အတွက် ကုမ္ပဏီကိုဖြေရှင်းပေးဖို့ ဒေသခံတွေက စာရေးသားတောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ့တဲ့နေရာမှာ ငါးလာမဖမ်းဖို့ လာရောက်ငါးဖမ်းတာတွေ့ရင် ရေတပ် နဲ့ဖြေရှင်းရမယ်ဆိုပြီး ခြိမ်းခြောက်တာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပသျှူးရေနဲ့ မော်ငန်းကျေးရွာတွေဟာ တံငါလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ကျေးရွာတွေဖြစ်ပြီး အခုလို ငါးမဖမ်းရရင် ဒေသခံတွေအားလုံး စားဝတ်နေရေး အခက်အခဲတွေရှိတာကြောင့် ဒီကိစ္စကိုဖြေရှင်းပေးဖို့ တောင်းဆိုလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ Total ကုမ္ပဏီက သင်္ဘောတွေ ဖြတ်သန်းသွားလာနေတာကြောင့် ဒေသခံတွေ ငါးဖမ်းတဲ့နေရာမှာ ငါးဖမ်းပိုက်တွေပျက်စီးတာ၊ ငါးရရှိမှုနည်းတာတွေလည်း ရှိနေပါတယ်။
ဒါအပြင် ငါးတွေအစုလိုက်အပြုံလိုက် သေဆုံးနေတာတွေ ဖြစ်ပေါ်နေတာကြောင့် သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကုမ္ပဏီဟာ ဒေသခံကျေးရွာသားတွေကို လာရောက်ရှင်းပြတာ၊ သဘောထားရယူတာတွေလည်း မရှိဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး Totalကုမ္ပဏီက ဒေသခံတွေပြေလည်အောင် ဖြေရှင်းပေးသွားမယ်လို့ RFA ကို ဒီနေ့ဖြေကြားခဲ့ပါတယ်။
နိုဝင်ဘာလ ၂၆၊ ၂၇ ရက်တွေကစပြီး ပသျှူးရေနဲ့ မော်ငန်းကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေ ရေလုပ်ငန်း လုပ်ကိုင်နေတဲ့နေရာမှာ Total ကုမ္ပဏီက စမ်းသပ်သင်္ဘော ဖြတ်သန်းမောင်းနှင်နေတာကြောင့် ဒေသခံတွေ ငါးဖမ်းပိုက်တွေ ပျက်စီးဆုံးရှုံးနေရသလို ဒီနေရာတွေမှာ ရေလုပ်ငန်းတွေလည်း အခက်အခဲဖြစ်နေတာပါ။ မော်ငန်းကျေးရွာသား ဦးသန်းဇော် က အခုလိုပြောပါတယ်။
"ကျနော်တို့ ကျားပါးစပ်တန်းတွေထဲထိ ဆွဲနေတော့ ကျားတွေက ကွဲတာကကွဲ ပြဲတာကပြဲဖြစ်နေပြီ ရွာမှာ ဘယ်လိုဖြစ်နေလည်းဆိုရင် သူတို့သင်္ဘောဆွဲနေတာကြောင့် ကျားပါးစပ်သမားတွေကော ပိုက်သမားတွေကော မထောင်ရဲကြတော့ဘူး"
ဒီလို့ကုမ္ပဏီက စမ်းသပ်လုပ်ကိုင်မှာကို ဒေသခံတွေကို တွေဆုံရှင်းပြတာ၊ ကြိုတင်ညှိနှိုင်းတာတွေလည်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကုမ္ပဏီက လုပ်ကိုင်နေတဲ့နေရာမှာ ငါးလာမဖမ်းဖို့ လာရောက်ငါးဖမ်းတာတွေရင် ရေတပ်နဲ့ ဖြေရှင်းရမယ်ဆိုပြီး ခြိမ်းခြောက်တာတွေလည်းရှိတယ်လို့ ပသျှူးရေကျေးရွာသူ ဒေါ်တင်ရွှေ ကပြောပါတယ်။
"ရွာသားတွေကိုလည်း အသိမပေးဘူးလေ၊ သူ့သဘောနဲ့သူလာလုပ်တယ် ပိုက်တွေကို ဆွဲတင်လိုက်တဲ့ မဆွဲတင်လို့ရှိရင် ပိုက်ပျက်ကုန်မယ်၊ လာမဆွဲတင်ရင် ရေတပ်နဲ့စကားပြောလိုက်တဲ့ စစ်တပ်နဲ့ခြိမ်းခြောက်တယ်"
ဒါ့အပြင် အခုလိုစမ်းသပ်မှုတွေရှိနေတဲ့အတွက် ငါးတွေအစုလိုက်အပြုံလိုက် သေဆုံးနေတာတွေဖြစ်ပေါ်နေ တာကြောင့် သဘာဝပတ်ဝန်းကျင်လည်းထိခိုက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ကုမ္ပဏီဝင်ရောက်စမ်းသပ်လုပ်ကိုင်လာပြီး ငါးတွေအစုအလိုက်အပြုံလိုက် သေတာတွေရှိတယ်လို့ ဒေသခံ ကိုလှဌေးက ပြောပါတယ်။
"အရင်ကတော့ ငါးတွေသေတာတွေမရှိဘူး၊ သင်္ဘောဝင်လာပြီး တစ်လလောက်အတောအတွင်းမှာ ငါးတွေက တပိဿာ နှစ်ပိဿာလောက်ရှိတဲ့ ငါးကြီးတွေ အများကြီးသေတာတွေ့ရတယ်၊ တခါဖမ်းရင် လေးငါးရှစ်ပိဿာထိ ရွာသားတွေရတယ်၊ အဲလိုတွေသေတာတွေရှိတာပေါ့နော်"
ဒီပသျှူးရေနဲ့ မော်ငန်းကျေးရွာတွေဟာ တံငါလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ကျေးရွာတွေဖြစ်ပြီး အခုလိုငါးမဖမ်းရရင် စားဝတ်နေရေးအခက်အခဲတွေရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ဒီအခက်တွေဖြေရှင်းပေးဖို့ ကုမ္ပဏီနဲ့ တိုင်းဒေသကြီးအစိုးရထံ စာပို့တိုင်ကြားသွားမယ်လို့လည်း မော်ငန်းကျေး ရွာသား ဦးသန်းဇော် ကပြောပါတယ်။
"ကျနော်တို့မှာ တစ်နေ့လုပ်မှ တစ်နေ့စားရတယ်လေ၊ ကျနော်တို့ကို ညှိနှိုင်းပြီး လာလုပ်တာလည်း မဟုတ်ဘူး၊ ဝန်ကြီးချုပ်တို့ အစိုးရတို့ လွှတ်တော်တို့ကို ကျနော်တို့ကတော့ စာတင်မှာပေါ့၊"
ဒီလို့ဒေသခံရွာသားတွေနဲ့ ကုမ္ပဏီကြားဖြစ်ပွားနေတဲ့ ပြဿနာကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘယ်လို့ဖြေရှင်းနေသလည်းဆိုတာကို RFA က တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။
Totel ကုမ္ပဏီ လူမှုဆက်ရေးအရာရှိ ဦးအောင်ဇော်ဝင်းကတော့ လက်ရှိကုမ္ပဏီနဲ့ ဒေသခံဖြစ်နေတဲ့ ပြဿနာတွေကို သေချာစုံစမ်းစစ်ဆေးပြီး ဒေသခံတွေ ကျေနပ်အောင် ဆောင်ရွက်သွားဖို့ရှိတယ်လို RFA ကိုပြောပါတယ်။
"ကျနော်တို့ ဒီကိစ္စကိုသေသေချာချာလေး ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်နေတယ်ဆိုတာလေးပြောချင်တယ်၊ တိုင်ကြားလိုက်တယ်၊ ဒီလိုမျိုးအကြောင်းပြန်လိုက်တယ် ပြီးသွားရင်ပြီးပြီဆိုတာမျိုး မဟုတ်ဘူး၊ ဒီကိစ္စက ဆက်လက်လုပ်ဆောင်နေရမှာပဲ၊ နောက်ဆုံးကျေနပ်အထိပေါ့ဗျာ အဓိကသူတို့နဲ့ အဆင်ပြေတဲ့အထိ ဆောင်ရွက်ရမှာပေါ"
Total ကုမ္ပဏီဟာ liquefied natural gas (LNG) နဲ့ လျှပ်စစ်ထုတ်လုပ်ဖို့အတွက် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြိုူနယ်ကံပေါက်ဒေသမှာ စမ်းသပ်ရှာဖွေနေတာလို့ သိရပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့လိုက်တာပါ။