YBS ယာဉ်လိုင်းတချို့က ကားတွေ ယာဉ်စီးခလျှော့ချလို့ ဆန္ဒပြ
2017.04.07

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ဒီကနေ့ကစပြီး Air-Con တပ်ဆင် မထားတဲ့ YBS ကားတွေရဲ့ ယာဉ်စီးခတွေကို ခရီးစဉ်အပိုင်းအလိုက် ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် ယာဉ်လိုင်းတချို့က ကားတွေမထွက်ဘဲ ဒီကနေ့ ဆန္ဒပြကြပါတယ်။
ယာဉ်လိုင်းနံပါတ် ၁၈ နဲ့ ၄၂ က မနက်ပိုင်းတုန်းက မထွက်ကြဘူးလို့ ကြားကြောင်း နဲ့ ၁၁ လည်း ကားအစီးရေ နည်းသွားကြောင်း YBS မှာပြေးဆွဲနေတဲ့ ယာဉ်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ဦးကိုကိုနိုင် က ပြောပါတယ်။
"ကြားတာတော့ ၁၈ ကြားတယ်၊ ဒါပေမဲ့ နောက်ပိုင်းပြန်ထွက်တယ်ပြောတယ်၊ ၄၂ ကြားတယ်၊ မနက်ကတော့ အဲဒါကြားတယ်၊ ၁၁ လည်း နည်းသွားတယ်၊ ကားအစီးရေ နည်းနည်း လျော့ကျ သွားတာပေါ့နော်၊ သူတို့က မီနီဘတ်စ်တွေ ဒီဇယ်နဲ့ပြေးတယ်၊ မကိုက်ဘူး အကြောင်းပြတာပေါ့နော်၊ အဓိက ကတော့ ယာဉ်ပိုင်ရှင်နဲ့ ယာဉ်လုပ်သားက သူတို့အတွက် မကျန်မှာစိုးနေကြတာပေါ့၊ ဒါပါပဲ။"
အရင် မထသ ယာဉ်လိုင်းစနစ်မှာ ခရီးစဉ်ပေါ်မူတည်ပြီး ကျပ် ၅၀၊ ၁၀၀၊ ၂၀၀ ဆိုပြီး ကောက်ယူခဲ့တာ ဖြစ်ပေမယ့် YBS စနစ်ပြောင်းလဲလိုက်ချိန်မှာတော့ ယာဉ်စီးခကို ပုံသေ ၂၀၀ ကျပ် ကောက်ခံနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့်ဒီကနေ့စပြီးYBS ယာဉ်လိုင်းတွေက လေအေးပေးစက် တပ်ဆင်မထားတဲ့ ယာဉ်တွေအနေနဲ့ ခရီးစဉ် အပိုင်းအလိုက် ကျပ် ၁၀၀ ကနေ စတင်ကောက်ခံဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က သတ်မှတ်လိုက်တာပါ။
ယာဉ်ပိုင်ရှင်တွေအနေနဲ့ အရင် မထသလက်ထက်တုန်းကလည်း တစ်ရက်ကို ၅ သောင်းဝန်ကျင်ရကြပြီး အခု YBS ပြောင်းလဲလိုက်တဲ့ ၂၀၀ ပုံသေ သတ်မှတ်လိုက်တဲ့အချိန်မှာလည်း ယာဉ်ပိုင်ရှင်တွေက တစ်ရက်ကို ၅ သောင်းဝန်းကျင်ပဲ ရနေကြတာကြောင့် ကြားထဲမှာ ယာဉ်လုပ်သားတွေက မသမာမှုတွေ ပြုလုပ်နေ ကြတယ်လို့လည်း ယာဉ်ပိုင်ရှင် ဦးကိုကိုနိုင် က ပြောပါတယ်။