ရေနံချောင်းမှာ တိုက်ပွဲကြောင့် ဒေသခံ ငါးရာခန့် စားဝတ်နေရေး အခက်ကြုံနေရ
2024.08.14

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် ဩဂုတ်လ ၁၄ ရက် ဒီကနေ့အထိ ရွာနှစ်ရွာက ဒေသခံ ငါးရာခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး စားဝတ်နေရေး အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီရွာတွေဟာ ရွှေတုတ်ကန်ရွာနဲ့ ဝါးရိုးရွာဖြစ်ပြီး ဒေသခံ ငါးရာခန့်ဟာ တိုက်ပွဲကြောင့် ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးနေရတာ သုံးရက်ရှိနေပြီလို့ ဆိုပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့က အင်အား လေးဆယ်ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ရေနံချောင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ရွှေတုတ်ကန်ရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ မိုးရွာနေတာကြောင့် ဒေသခံတွေ စားဝတ်နေရေး အခက်အခဲကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အခုရှောင်ရတဲ့ရက်မှ မိုးရွာနေတော့ နေစရာအခက်အခဲဖြစ်နေတယ်။ စားဖို့လည်း အဆင်မပြေကြဘူး။ နှစ်ရွာပေါင်း လူငါးရာလောက် အခုအထိ ရှောင်နေရတယ်ဗျ"
အဲဒီရွာတွေဟာ ရေနံချောင်းမြို့ကနေ ၁၅ မိုင်ခန့် ဝေးပြီး တိုက်ပွဲဖြစ်လို့ ရုတ်တရက် ထွက်ပြေးလာရတာကြောင့် ဘာပစ္စည်းမှ သယ်ယူချိန် မရခဲ့ဘဲ တောတွေထဲမှာ ဖြစ်သလိုခိုနေကြရတယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အခုရက်ထဲမှာပဲ ရေနံချောင်းနဲ့ ချောက်မြို့နယ်ဘက်တွေမှာ တိုက်ပွဲတွေက နေ့စဉ်လိုလို ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ စာရင်းတွေအရ မကွေးတိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြား ပြည်တွင်းနေရပ်စွန့်ခွာရသူ ငါးသိန်းခန့်ရှိလာပြီ ဖြစ်ပါတယ်။