ရန်ကုန်မှာ ဗုံးဆက်တိုက်ကွဲပြီးနောက်ပိုင်း လုံခြုံရေးတင်းကျပ်

RFA Burmese
2024.04.02
ရန်ကုန်မှာ ဗုံးဆက်တိုက်ကွဲပြီးနောက်ပိုင်း လုံခြုံရေးတင်းကျပ် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ရန်ကုန်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဉ်။
STR / AFP

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ အခုရက်ပိုင်း ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေး ပိုမိုတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ဧပြီလ ၂ ရက်နေ့မှာ ပြောပါတယ်။

မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ၁ ရက်နေ့အထိ သန်လျင်၊ မရမ်းကုန်း၊ ရန်ကင်း၊ မှော်ဘီ၊ ကျောက်တံတား၊ မြောက်ဒဂုံနဲ့ သာကေတမြို့နယ်တွေမှာ ဗုံးကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။

ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးတွေဟာ စစ်ကောင်စီတပ် လုံခြုံရေးကင်းစခန်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေအနီးမှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၁ ရက်နေ့ကတော့ မှော်ဘီမြို့နယ် ကိုးလုံးရပ်ကွက်က စစ်မှုထမ်းဟောင်းအိမ်ရာရှေ့မှာ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဗုံးကွဲပြီး မိနစ်နှစ်ဆယ်လောက်ကြာတော့ စစ်ကောင်စီ ရောက်လာတယ်။ ရောက်လာပြီး လမ်းသွားလမ်းလာတွေကို စစ်တယ်။ အခုမှော်ဘီမှာ ဗုံးပေါက်တာ နှစ်ခါရှိနေပြီဆိုတော့ ဘယ်လိုပြောရမလဲ လုံခြုံရေးကင်းလှည့်တာတွေ လုပ်လာတယ်။ အရင်က မလုပ်ခဲ့ဘူး။ အခုမှ ကင်းလှည့်တာ"

ဗုံးကွဲမှုတွေ ဆက်တိုက်ဖြစ်လာပြီးနောက် စစ်ကောင်စီတပ်က ဆယ်ဦးတစ်ဖွဲ့စီ ဖွဲ့ပြီး ရပ်ကွက်နဲ့ ကျေးရွာတွေရဲ့ အတွင်းလမ်းတွေအထိ နေ့စဉ် ကင်းလှည်တာတွေလုပ်လာတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မတ်လ ၂၇ ရက်နေ့ကလည်း ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းက တော်ဝင်ခုံးကျော်တံတားပေါ်မှာ ဗုံးကွဲခဲ့လို့ လူငယ် ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။