ဗိုလ်ချုပ်အောင်ဆန်း ၁၀၁ နှစ်ပြည့်ပွဲ ရန်ကုန် စီးပွားရေးတက္ကသိုလ် ခွင့်မပြု


2016.02.10
bogyoke-birthday-dagon-university-620.jpg ဗိုလ်ချုပ်အောင်ဆန်း ၁ဝ၁ နှစ်ပြည့် မွေးနေ့အကြို အခမ်းအနားကို ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ကျောင်းသားများသမဂ္ဂက ဦးစီးပြီး ဒဂုံတက္ကသိုလ်မှာ ကျင်းပခဲ့စဉ်
Photo: Aung Thain Kha/RFA

လာမယ့် ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း ၁၀၁ နှစ်ပြည့် မွေးနေ့ အကြိုအခမ်း အနားကို ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်က ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ကျောင်းသားကျောင်းသူတွေ က ဒီနေ့ ကျင်းပဖို့ စီစဉ်တာကို ပါမောက္ခချုပ်က ခွင့်မပြုဘူးလို့ သိရပါတယ်။

တက္ကသိုလ်ပရိဝုဏ်ထဲမှာ ကျင်းပခွင့်မပေးတာကြောင့် ကျောင်းအပြင်မှာပဲ ကျင်းပခဲ့တယ်လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသူကျော်က ပြောပါတယ်။

"ဗိုလ်ချုပ်မွေးနေ့ပွဲကို ကျနော်တို့ နှစ်တိုင်းကျင်းပတယ်၊ အဲဒီ့အတွက်ကျောင်းမှာ ပါမောက္ခချုပ်ကို ကျနော်တို့ပြောတယ်၊ သူကခွင့်မပြုဘူး၊ ကျနော်တို့ ကျင်းပမယ်လို့ သတ်မှတ်ထားတဲ့ ကွင်းပြင်ကြီးနှစ်ခုလုံးကို တက္ကသိုလ်အပိုင် ဖယ်ရီကားကြီးတွေနဲ့ သူတို့ပိတ်ပစ်လိုက်တယ်၊ ဒီနေ့ ကျနော်တို့ပွဲကို မပျက်ပျက်အောင် ဖျက်တဲ့သဘောပေါ့နော်၊ ကံကောင်းချင်တော့ ကျနော်တို့ မြေကွက်လပ်တစ်ခုကို သွားတွေ့ပြီး ပွဲကို ကျနော်တို့အစီအစဉ်အတိုင်း လုပ်တယ်ပေါ့နော်၊ ကျောင်းရှေ့မှာ လုံခြုံရေးတွေရာ ထောက်လှမ်းရေးတွေရော ဆရာတွေရော အများကြီးပဲ၊ အားလုံးက ကျနော်တို့ကို စောင့်ကြည့်ပြီး ဗီဒီယို ဓါတ်ပုံတွေရိုက်နေတယ်"

လာမယ့်ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဟာ ကျောင်းပိတ်ရက် ဖြစ်နေတာကြောင့် ဒဂုံတက္ကသိုလ်နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့မှာ ဒီနေ့ ကျင်းပတာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်ပွဲကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်မှာ တားမြစ်ခံရတာလို့ သိရပါတယ်။ ဒဂုံတက္ကသိုလ်မှာတော့ ကျောင်းဝင်းထဲမှာ ကျင်းပခဲ့ကြတာဖြစ်ပြီး သံချပ်တွေနဲ့ ဖျော်ဖြေခဲ့ကြသလို ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ ကဗျာတွေ ရွတ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ အန်အယ်လ်ဒီပါတီ ရုံးချုပ်နဲ့ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး အန်အယ်လ်ဒီပါတီရုံးတွေမှာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်ပွဲတွေကို ကျင်းပကြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။