ဝန်ကြီးဌာနတွေရဲ့ ညွှန်ကြား ချက်တွေနဲ့အညီ လိုက်နာမယ်လို့ ရိုးရိုးလေးပိုင်ရှင် ခံဝန်ကတိပြု
2016.09.25

ကျိုက်ထီးရိုးတောင်ပေါ်မှာ အစိုးရ ခွင့်ပြုချက်ထက် ကျော်လွန်ပြီး ဆောက်လုပ်ထားတဲ့ အခန်း ၁၀၀ ကျော်ကို စည်းကမ်းချက်တွေနဲ့ အညီ ပြင်ဆင်ဆောက်လုပ် မှာဖြစ်ကြောင်း ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်က ခံဝန်ကတိပြုလိုက်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ခံဝန်လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။
ဟိုတယ်တွေကို ပြင်ဆင်ဆောက်လုပ်ဖို့အပြင် ရိုးရိုးလေး ကုမ္ပဏီက တည်းခိုခန်းအဖြစ် တည်ဆောက်ထားတဲ့ စေတီတော် ဝတ္တကမြေက ဓမ္မာရုံတွေကို ကျိုက်ထီးရိုး ဂေါပကအသစ်ကို လွှဲပြောင်းပေးဖို့၊ ရိုးရိုးလေးကုမ္ပဏီနဲ့ ဂေါပကအဖွဲ့ဟောင်းကြား ချုပ်ဆိုထားတဲ့ စီးပွားရေး စာချုပ်တွေကို ဖျက်သိမ်းပေးဖို့ ခံဝန်ကတိပြုရာမှာ ပါဝင်ပါတယ်။
ဒါ့အပြင် ဦးနေထက်သိန်းနိုင်အနေနဲ့ နိုင်ငံတော်ကို ပေးသွင်းဖို့ ကျန်နေတဲ့ အခွန်တွေကို ဥပဒေနဲ့အညီ စစ်ဆေးမှုခံယူပြီး ပေးသွင်းဖို့လည်း ပါဝင်ပါတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ ရိုးရိုးလေး ကုမ္ပဏီကနေ ပြန်လည် ရရှိမယ့် ဘုရားဝတ္တကမြေက ဓမ္မာရုံတွေမှာ ပြည်သူတွေ အခမဲ့ တည်းခိုနိုင်ဖို့၊ အလှူခံ ကန်ထရိုက်စနစ်ကို ဖျက်သိမ်းဖို့နဲ့ ရွှေဆိုင်းတွေ အရည်အသွေးပြည့်မီပြီး ဈေးနှုန်း မှန်ကန်ဖို့ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရိုးရိုးလေး ကုမ္ပဏီဟာ ကျိုက်ထီးရိုးတောင်မှာ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဌာနက ခွင့်ပြုထားတဲ့ ဟိုတယ်အခန်းအရေအတွက်ထက် အခန်းပေါင်း တစ်ရာကျော် ပိုဆောက်ထားတဲ့အတွက် ဝန်ကြီးဌာနက တစ်လအတွင်း ပြန်ဖျက်ပေးဖို့ ပြီးခဲ့တဲ့ ဇွန်လက ညွှန်ကြားခဲ့ပါတယ်။
ညွှန်ကြားချက်ကို ကုမ္ပဏီဘက်က မလိုက်နာတဲ့အတွက် တရားစွဲမယ်လို့ ဒီလ ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ပြောခဲ့ပြီးနောက် ကုမ္ပဏီဘက်က အခုလို ခံဝန်ကတိ လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။