ယူနန်အစိုးရ သုတေသနအဖွဲ့ NLD ဗဟိုကော်မတီဝင်များ နဲ့ ဆွေးနွေး
2013.05.20
တရုတ်နိုင်ငံ၊ ယူနန်ပြည်အစိုးရအဖွဲ့က သုတေသနပညာရှင်အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ဒီကနေ့မနက်ပိုင်းက နိုင်ငံရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ လာမယ့် ၂၀၁၅ ခုနှစ်မှာ NLD ပါတီဟာ အနိုင်ရပါတီ ဖြစ်လာနိုင်တဲ့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ ခုလိုလာရောက်တွေ့ဆုံမှုတွေ လုပ်လာတာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ NLD ပါတီနာယက ဦးတင်ဦးက RFA ကိုပြောပါတယ်။
"သူတို့ကတော့ ၂၀၁၅ ခုနှစ်မှာ NLD နဲ့ ပတ်သက်ပြီးတော့လည်း အလားအလာကောင်းတွေရမယ်လို့၊ ဆက်လက်ပြီးတော့ အောင်မြင်မယ်လို့ ယူဆတယ်ပေါ့၊ ပါတီအဖွဲ့အစည်းတစ်ခုဆိုတာဟာ ဒီပါတီသည် နိုင်ငံတော်မှာရှိနေတဲ့ လုပ်ငန်းဆောင်တာအဝဝကို ဦးစီးဦးဆောင်လုပ်ချင်တဲ့ အနေအထားရောက်အောင် ကြိုးပမ်းကြတယ်ဆိုတာကတော့ ပါတီရဲ့သဘောသဘာဝကတော့ ဒီလိုပါပဲလို့၊ NLD လည်းပဲ အဖွဲ့အစည်းတစ်ခုအနေနဲ့ လုပ်တဲ့အခါကျတော့ အောင်မြင်အောင်စုစည်းပြီးလုပ်ကြတာပဲ၊ အောင်မြင်မှတော့ ပြည်သူ့တွေရဲ့ဆန္ဒ၊ ပြည်သူလူထုတွေရဲ့သဘော ဘယ်လောက်ကိုက်ညီနိုင်သလဲ အဲ့ပေါ်မှာမူတည်ပြီး လုပ်ကြတာပါပဲ"
မြစ်ဆုံဆည် စီမံကိန်းကိစ္စ၊ လက်ပံတောင်းကိစ္စတွေနဲ့အတူ မြန်မာနိုင်ငံအိမ်နီးချင်း ယူနန်ပြည်နယ်ရဲ့ ကုန်သွယ်ရေးပိုင်းဆိုင်ရာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရုတ်ကွန်မြူနစ်ပါတီက NLD ပါတီကိုယ်စားလှယ်တွေကို ချစ်ကြည်ရေးခရီး ဖိတ်ကြားခဲ့သလို တခြားနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားခဲ့ပါတယ်။
ယူနန်ပြည်နယ်အစိုးရရဲ့ သုတေသန ကိုယ်စားလှယ်အဖွဲ့ဟာ ဒီမိုကရေစီမိတ်ဆွေများ ၁၀ ပါတီက ခေါင်းဆောင်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မေလ ၁၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သလို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး NLD ပါတီနာယက ဦးတင်ဦးကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။