ရွာငံမှာ လယ်သိမ်းခံ တောင်သူ ၃၀၀ ကျော်ဆန္ဒပြ


2015.01.28
farmer-prostet-305 လယ်ထွန်နေတဲ့ လယ်သမားများကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ် ရွာငံမြို့နယ်မှာ ရွှေသံလွင်ကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ အတွက် ဒေသခံလယ်သမား ၃ဝဝ ကျော်က ရွာငံမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

သိမ်းခံထားရတဲ့ လယ်ယာမြေတွေအတွက် ကုမ္ပဏီကထုတ်ပေးတဲ့ လျော်ကြေးငွေကိုမယူဘဲ လယ်ယာမြေပြန်ပေးဖို့ကို တောင်းဆိုတာဖြစ်တယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ နွားဘန်းကြီးကျေးရွာက လယ်သမား ကိုစိုးမိုးသန့်က ပြောပါတယ်။

"အဓိကက လယ်ပြန်ရချင်တယ်ဗျ၊ သူတို့က ဘယ်အဖွဲ့အစည်းရဲ့ တိုင်ပင်မှုမှမရှိ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဈေးဖြတ်တာမဟုတ်ဘဲနဲ့ သူတို့သဘောနဲ့သူတို့ ဈေးဖြတ်လိုက်ပါတယ် ၊ တောင်သူတွေကို တစ်ဧက ၁ဝ သိန်း ဆိုပြီးပေးပါတယ်၊ တချို့နေရာတွေမှာ အဓမ္မပုံစုံမျိုးနဲ့လုပ်ပါတယ်၊ ကျနော်တို့က မကျေနပ်တာရယ်၊ နောက်ကျနော်တို့က မြေကိုပြန်ရချင်တဲ့အတွက်ကြောင့် ဆန္ဒပြပွဲ လုပ်ရတာဖြစ်ပါတယ်"

လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က ရွာငံမြို့နယ် နွားဘန်းကြီး၊ ကဇပ်၊ တောင်ခေါင်းဖွာ၊ ကသစ်၊ ရွာမ၊ ညောင်ကုန်း၊ ညောင်အိုင်၊ လက်ပံပင်၊ ရေချမ်းသာကုန်း စတဲ့ ကျေးရွာ ၁၃ ရွာက လယ်သမား ၃ဝဝ ကျော် လုပ်ကိုင်တဲ့ လယ်ယာမြေဧက ၁၃ဝဝ ကျော်ကို တပ်မ ၅၅ က သိမ်းဆည်းခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ရွှေသံလွင်ကုမ္ပဏီကို လုပ်ပိုင်ခွင့်လွဲှပြောင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလ ၂၂ရက်နေ့က အဲဒီလယ်ယာမြေဧက ၁၃၀၀ ကျော်အတွက် ရွှေသံလွှင်ကုမ္ပဏီက တစ်ဧကကို ငွေကျပ် ၁၀ သိန်းနှုန်းနဲ့ လျော်ကြေးငွေထုတ်ပေးခဲ့ရာ ထုတ်ယူတဲ့ လယ်သမား ၁၀၀ ကျော်ရှိခဲ့ပြီး ဒီနေ့ ဆန္ဒပြသူတွေဟာ လျော်ကြေးငွေကို မယူသူတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။