နှင်းဆီပါတီဥက္ကဋ္ဌ ငွေကြေးခဝါချခဲ့တယ်လို့ အစိုးရပြော

သီဟထွန်း
2020.10.15

နှင်းဆီပါတီ ခေါ်  “ညီညွတ်သော ဒီမိုကရက်တစ်ပါတီ” UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ၂၀၁၂ ခုနှစ်မှာ ကနေဒါ ကနေ တရုတ်နိုင်ငံကို ပြန်လာတဲ့အခါ ကနေဒါဒေါ်လာ ၁၈ သန်းကို တရားမဝင်ယူဆောင်လာခဲ့ပြီးတဲ့နောက်  ၂၀၁၅ ခုနှစ်မှာ ရွှေလီနဲ့ ကျယ်ဂေါင်ရှိ တရားမဝင် ဟွန်ဒီငွေလွှဲလုပ်ငန်းတွေကတဆင့် မြန်မာနိုင်ငံထဲကို ကျပ်သန်း ပေါင်း ထောင်နဲ့ချီပြီး အကြိမ်ကြိမ်လွှဲပြောင်းယူခဲ့တယ်လို့ ဒီနေ့ နေပြည်တော် သမ္မတအိမ်တော်မှာလုပ်တဲ့ သတင်း စာရှင်းပွဲမှာ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောလိုက်တာပါ။

ဦးကျော်မြင့်ဟာ အဲဒီငွေတွေကို ၂၀၁၅ ခုနှစ်ကစလို့ မြန်မာနိုင်ငံမှာရှိတဲ့ United Amera Bank- UAB နဲ့ ဧရာဝတီ ဘဏ် အပါအဝင် ဘဏ်ပေါင်းများစွာမှာ စုစုပေါင်း ငွေစာရင်း ၅၉ ခု ဖွင့်ထားပြီး၊  တရုတ်နိုင်ငံကတဆင့် တရားမဝင် လွှဲပြောင်းယူခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရကြောင်း  ဦးဇော်ဌေးက ပြောပါတယ်။

"အဲတော့ ပထမဆုံး Myanmar Kyaw Investment Group Company Limited နာမည်နဲ့ ဖွင့်ထားတဲ့ UAB ဘဏ်မှာရှိတဲ့ ငွေစာရင်း၊ ဧရာဝတီဘဏ်မှာရှိတဲ့ ငွေစာရင်းတွေနဲ့ လွှဲပြောင်းထားတဲ့ ဝင်လာတဲ့ငွေတွေပေါ့ နော်၊ ကျတော်တို့ ပမာဏစိစစ်တဲ့အခါမှာ ၂၀၁၅ ခုနှစ်အတွင်းမှာ စုစုပေါင်းကျပ် ၁၆.၃၅ ဘီလီယံ အဲဒါကိုလည်း တရုတ်နိုင်ငံဘက်မှာရှိတဲ့ ဟွန်ဒီလုပ်ငန်းပေါ့နော် တရားမဝင်ငွေကြေးလွှဲပြောင်းတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေ ကနေ မူဆယ်ဘက်ကတဆင့် အဆင့်ဆင့်လွှဲပြောင်းပေးပို့ထားတာ တွေ့ရှိရပါတယ်။"

အဲဒီနောက် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ရှိ ဟွန်ဒီငွေလွှဲလုပ်ငန်းတွေကတဆင့် UAB  ဘဏ်မှာဖွင့်ထားတဲ့ မြန်မာ ကျော်ကုမ္ပဏီရဲ့ ငွေစာရင်းထဲကို တစ်ကြိမ်ကို ကျပ်သိန်း နှစ်ထောင်၊ သုံးထောင် စသဖြင့် အကြိမ်ပေါင်း ၄၄  ကြိမ် တိတိ တရားမဝင် လွှဲပြောင်းယူခဲ့တယ်လို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။

ပြည်တွင်းမှာ Myanmar Kyaw Finance နဲ့ Myanmar Kyaw Investment Company Limited လုပ်ငန်းတွေကို ဗဟိုဘဏ်နဲ့ စီးပွားကူးသန်းဝန်ကြီးဌာနမှာ တရားဝင်မှတ်ပုံတင်တာမျိုးမရှိဘဲ ဖွင့်လှစ်လုပ်ကိုင်ခဲ့ရုံမက၊  ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်နဲ့ ပြင်ဦးလွင်မြို့တို့မှာ ဟော်တယ်အဆောက်အဦးတွေနဲ့ မြေဧကပေါင်း များစွာကို ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။

ဒီလုပ်ရပ်တွေကြောင့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်နိုင်တဲ့ “၂၀၁၄ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေ” အရ အရေးယူနိုင်တယ်လို့  ဦးဇော်ဌေးက ပြောပါတယ်။

"၂၀၁၅ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံမှာရှိတဲ့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်တဲ့ တရားမဝင်ပေါ့နော်၊ ငွေလွှဲလုပ်ငန်း လုပ်ကိုင်တဲ့သူတွေကတဆင့် တရားမဝင်ရောက်လာတဲ့ငွေကျပ် ၁၆.၃၁၅ ဘီလီယံကျော်ကလည်း တရားဝင် လမ်းကြောင်းကနေလာတာ မဟုတ်ဘူး၊ ဟွန်ဒီကနေလွှဲလိုက်တယ် အဆင့်ဆင့်ပေါ့နော်၊ စောစောကတင်ပြတဲ့ ပုံပါအတိုင်း အဆင့်ဆင့်လာပြီးတော့ သူ့ရဲ့ ဘဏ်စာရင်းထဲကိုဝင်တယ်ဆိုတာ တွေ့ရပါတယ်၊ ဒီလိုမျိုး တရား မဝင်ပေါ့နော် ဝင်ငွေရလမ်းမဖော်ပြတဲ့ ငွေကြေးတွေကို လက်ဝယ်ထားပြီးရယူသုံးစွဲခြင်းဟာ ၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၃ အရ  ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။"

ဦးကျော်မြင့်အနေနဲ့ ဧရာဝတီနဲ့ UAB ဘဏ်အကောင့်တွေထဲ တရားမဝင် ငွေလွှဲပြောင်းယူမှု၊ တရားဝင်လုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်မရှိဘဲ  Myanmar Kyaw Finance နဲ့ Myanmar Kyaw Investment Company Limited ငွေ‌ရေးကြေးရေးလုပ်ငန်းတွေ  ဖွင့်လှစ်လုပ်ကိုင်နေမှုတွေနဲ့ ပတ်သက်လို့  မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို RFA မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးတက်နေလို့သာ အကြောင်းပြန်ခဲ့ ပါတယ်။

ရန်ကုန်အခြေစိုက် “မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု့” ISP-Myanmar အဖွဲ့ရဲ့ တရုတ်ရေးရာသုတေသီ ဒေါ်ခင်ခင်ကျော်ကြီး ကတော့ မြန်မာနိုင်ငံမှာ ပြည်ပကနေ ဝင်လာတဲ့ငွေကြေးတွေကို ငွေဖြူ ဟုတ်မဟုတ် စနစ်တကျစောင့်ကြည့်တဲ့ အဖွဲ့အစည်း မရှိတာက အားနည်းချက်တစ်ခုဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။

"မြန်မာနိုင်ငံမှာ ငွေဖြူငွေမဲကိစ္စတွေပေ့ါနော်၊ ပြည်ပကနေ တရားမဝင်ဝင်လာတဲ့ပိုက်ဆံကိစ္စတွေ ကျမတို့က စောင့်ကြည်တာ စနစ်တကျကိုင်တွယ်နိုင်တဲ့အခြေအနေ ရှိမနေဘူး၊ အဲဒါက ကျမတို့နိုင်ငံအတွက် ပိုပြီးတော့ ပြည်ပကနေ ကိုယ်နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးအခြေအနေတွေကို ဝင်ပြီးတော့မှ သူ့အကျိုးစီးပွားသုံးဖို့အတွက် ကို အခွင့်အလမ်းတွေ ပိုပြီးဖြစ်စေတယ်၊ ဥပမာအားဖြင် အိမ်ခြံမြေကိစ္စတွေမှာဆိုလည်း အဲအတိုင်းပဲ နိုင်ငံ တကာကလာပြီး ဒေသခံနာမည်ခံပြီး ဝယ်တာတို့ဘာတို့ပေါ့၊ အဲလိုပြည်ပကနေ တရားမဝင်ဝင်လာတဲ့ ပိုက်ဆံ တွေကို ကျမတို့နိုင်ငံမှာ ကိုင်တွယ်နိုင်တဲ့စနစ်တခု၊ စောင့်ကြည်နိုင်တဲ့စနစ်တခု မရှိသေးတာကိုကလည်း ကျမတို့နိုင်ငံအားနည်းချက်တစ်ခုလိုဖြစ်နေတာပေါ့နော်”

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီမဲဆွယ်စည်းရုံးရေးအတွက် ကျပ်သန်းပေါင်း ၉၀၀ ကျော် ထုတ်ပေးခဲ့ပြီး မဲဆွယ်စည်းရုံးရေးအတွက် ဆိုင်းဘုတ်၊ စတစ်ကာ၊ နဖူးစည်းနဲ့ တီရှပ်အကျီတွေ ဝယ်ယူရာမှာ အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။

တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့် ပါတီဝင်တွေကိုလည်း တာဝန်အလိုက် လစဉ်ထောက်ပံ့ကြေးပေးခဲ့ပြီး၊ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို ကျပ် သုံးသိန်းစီနဲ့ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်လောင်း  ၇၁၆ ဦးကို ငွေကြေးထောက်ပံ့ထားတယ်လို့လည်း ဦးဇော်ဌေးက ရှင်းပြပါတယ်။ နှင်းဆီ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ပါတီအောင်နိုင်ရေးအတွက် စုစု‌ပေါင်းကျပ်ငွေ ၁၂ ဘီလျံ‌‌ကျော်သုံးစွဲထားတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

နှင်းဆီပါတီနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာ သိနိုင်ဖို့အတွက် ဗဟိုရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးမြင့်နိုင် ကို မေးမြန်းရာမှာတော့  အတိအကျ ပြန်လည်ဖြေကြားတာမျိုးမရှိဘဲ အဲဒီကိစ္စနောက်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

"ဒါလေးကတော့ စိစစ်ဆောင်ရွက်ဆဲဖြစ်လို့ မကြာမီကျနော်တို့ ပြောပါ့မယ်နော်၊ ဆောင်ရွက်ချက်ဖြစ်နေလို့ ဒါလေးတော့ မကြာမီ သိသင့်သိထိုက်တာတွေ ကျနော်တို့ ပြောပါမယ် ခင်ဗျ။"

နှင်းဆီပါတီ UDP ကို ၂၀၁၀ ပြည့်နှစ် မေလမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တရားဝင်မှတ်ပုံတင်ခဲ့ တာဖြစ်ပါတယ်။ နှင်းဆီပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ‌ ရွေးကေက်ပွဲဥပဒေတွေနဲ့ အရေးယူ မယူဆိုတာကိုတော့ ရွေးကောက်ပွဲကော်မရှင်ကပဲ ဆက်လက်ဆုံးဖြတ်ရမယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ရဲတပ်ဖွဲ့ရဲ့  စစ်ဆေးတွေ့ရှိချက်တွေကြောင့် နှင်းဆီးပါတီ ဖျက်သိမ်းခံရတဲ့အထိ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

"ဦးကျော်မြင့်နဲ့  ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ ပထမတစ်ချက်က သူက နိုင်ငံခြားပတ်စ်ပို့နဲ့ ဝင်လာတာ မဟုတ်ဘူး၊ ရွှေလီကနေ ဝင်လာတာဆိုရင် သူ့ရဲ့နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးရမယ်။ ဒုတိယကတော့ သူ ငွေကြေးပမာဏအမြောက်အများရှိနေတာက အဲဒီငွေတွေရဲ့ တရားဝင်မှုကို စစ်ဆေးဖို့လိုတယ်။ ငွေမဲတွေ လား၊ အခွန်ဆောင်ထားတဲ့ ငွေဖြူမဟုတ်ဘူးဆိုရင် ဘယ်လိုနည်းနဲ့ ဝင်လာတဲ့ငွေတွေလဲ ဆိုတာကိုတော့ စစ်ဆေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ နံပါတ် ၃ အနေနဲ့ကတော့ အဲဒီလိုအချက်အလက်တွေနဲ့ ငြိရင် သူက ဥက္ကဋ္ဌ ဖြစ်နေတဲ့အတွက် UDP ကိုတေ့ာ နိုင်ငံရေးပါတီဖွဲ့စည်းမှုကနေ ဖျက်သိမ်းတဲ့အထိ ဖြစ်နိုင်တာပေါ့။"

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ရဲ့ ထွက်ဆိုချက်တွေအရ သူဟာ  ၁၉၉၉ ခုနှစ် ဇန်နဝါရီလမှာ မန္တလေးအချုပ်ကနေ ထွက်ပြေးခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယာယီခိုလှုံခဲ့ပါတယ်။ အဲဒီနောက် နော်ဝေနိုင်ငံကို သွားရောက်ပြီးနောက်ပိုင်းမှာ  အမေရိကန်ပြည်ထောင်စုကိုသွားခဲ့တယ်၊ အဲဒီကနေမှတဆင့် ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့တာလို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်မှာ ကနေဒါကနေ  တရုတ်နိုင်ငံကို ပြန်လာခဲ့ပြီး၊ ၂၀၁၄ ခုနှစ်မှာ  တရုတ်နယ်စပ်ကနေ မြန်မာနိုင်ငံ ထဲကို ဝင်ရောက်နေထိုင်လာတာဖြစ်ပါတယ်။ သူ့မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ထောက်လှန်းရေးဌာန ထောက်ခံချက်နဲ့ ထုတ်ပေးထားတဲ့ မှတ်ပုံတင်အစစ်ရှိနေပြီး ကချင်နဲ့ ကိုးကန့်လူမျိုး ခရစ်ယန်ဘာသာဝင်ဖြစ် မှတ်ပုံတင်မှာ တရားဝင် ဖေါ်ပြထားတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဦးကျော်မြင့်ကို လောလောဆယ် မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ နောက်ထပ် တရားမဝင် ငွေမဲစာရင်းတွေကို ဆက်လက်ဖေါ်ထုတ်ရဦးမှာ ဖြစ်ကြောင်းနဲ့ ဒီကနေ့ ရှင်းပြချက်တွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့  လတ်တလောတွေ့ရှိချက်တွေနဲ့ ကာယကံရှင်ရဲ့ ထွက်ဆိုချက်တွေ သာဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းပွဲအတွင်း ရှင်းလင်းပြောကြား သွားပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။