ရှေ့နေဦးဇော်ဝင်း ကို ဆေးစာ အတု လုပ်တယ်ဆိုပြီး ထောင် ၁ နှစ်ခွဲချမှတ်


2017.06.09
zawwin-lawyer-620.jpg တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်း ကို အချုပ်ကားပေါ်မှာတွေ့ရစဉ်
Photo: Hset Paing Toe/RFA

တရားရုံးကို ဆေးစာအတုတင်သွင်းတယ်ဆိုပြီး တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို လိမ်လည်မှု ပုဒ်မ ၄၂ဝနဲ့ မတ္တရာမြို့နယ်တရားရုံးက ဒီကနေ့ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ဦးဇော်ဝင်းဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က အမှုတစ်ခုမှာ အမှုသည်အတွက် တရားရုံးကို ဆေးစာအတုတင်ခဲ့တယ်ဆို ပြီး ပုဒ်မ ၄၂ဝ၊ ၄၆၈၊ ၄၇၁ တို့နဲ့ တရားစွဲခံထားရာကနေ အခြားပုဒ်မနှစ်ခုကို တရားသေလွှတ်ပြီး ပုဒ်မ ၄၂ဝ အရ ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ မတ္တရာမြို့နယ် တရားသူကြီး ဒေါ်ဝင်းဝင်းထိန်က ပြောပါတယ်။

"ဒီနေ့ သူ့ကို အမိန့်ချမှတ်လိုက်တဲ့အခါမှာ ပြစ်ဒဏ်ပေးတဲ့ပုဒ်မကတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂ဝ နဲ့ အလုပ်နဲ့ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီးတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၆၈၊ ၄၇၁ ကိုတော့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈/၁ အရ အမှုမှ အပြီးအပြတ်လွှတ်ကြောင်း အမိန့်ချမှတ် ခဲ့ပြီးဖြစ်ပါတယ်"

အဲဒီအမှုနဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေရချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့ မေလ ၃ဝ ရက်နေ့မှာ ဦးဇော်ဝင်းက မတ္တရာမြို့နယ် တရားသူကြီးကို ဆဲဆိုပြီး ဖိနပ်နဲ့ ပေါက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့အတွက် ဦးဇော်ဝင်းကို မတ္တရာမြို့နယ် တရားသူကြီးက ဆဲဆိုမှု ပုဒ်မ ၂၉၄ ပြည်သူ့ဝန် ထမ်းကို ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ နဲ့ တရားစီရင်မှုရပ်ဆိုင်းစေမှု ၂၂၈ အရ အမှုဖွင့်တရားစွဲဆိုထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်း ဟာ တရားရေးမဏ္ဍိုင်တည့်မတ်ရေးအတွက် ပြင်ဦးလွင်မြို့မှာ အကြိမ်ကြိမ် ဆန္ဒပြ တောင်းဆိုနေသူတစ်ဦးဖြစ်ပြီး မြေယာသိမ်းဆည်းခံ တောင်သူလယ်သမားအရေးတွေမှာလည်း တက်ကြွ လှုပ်ရှားနေသူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။