ဇိုမီးအမျိုးသားကွန်ကရက်ပါတီ အမည်ဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့်မပြု
2012.05.16

ZNC ပါတီဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံမှာ ဇိုမီးအမျိုးသားဆိုတာ မရှိတာကြောင့် ZNC နာမည်နဲ့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားတာကို လက်မခံနိုင်ဘူးလို့ အကြောင်းကြားလာတာ ဖြစ်တယ်လို့ ပူးကျင့်ရှင်းထန်က ပြောပါတယ်။
“ လုံး၀ ပယ်ဖျက်တာတော့ မဟုတ်သေးဘူးလေ၊ ဒီနာမည်ကို မသုံးပါနဲ့ တခြားနာမည်နဲ့တင်ပါ။ ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အဲဒါမတင်နိုင်ဘူးဆိုရင် မလျှောက်ထားဘူးဆိုတဲ့ သဘောလို့ပဲ မှတ်ယူမယ်လို့ ပြောတယ်’’
ဇိုမီးလို့ခေါ်တဲ့ ချင်းအနွယ်ဝင်တွေဟာ ချင်းပြည်နယ် အထက်ပိုင်း တီးတိန်နဲ့ တွန်းဇံမြို့နယ်တွေမှာ အဓိကနေထိုင်ကြပြီး ချင်းဆိုတဲ့ အမည်နာမကို လက်မခံဘဲ မိမိကိုကိုယ် ဇိုးမီးလို့ ခေါ်ဆိုသတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ ပူးကျင့်ရှင်းထန် ဦးဆောင်တဲ့ ZNC ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက အခုရွေးကောက်ပွဲ ကော်မရှင်က လက်မခံတဲ့ ဇိုမီးအမျိုးသားကွန်ကရက်ပါတီ အမည်နဲ့ပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်မြေ ၂ နေရာ အနိုင်ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။
Zomi National Congress ပါတီကို တခြားဘာနာမည်နဲ့ အစားထိုးမလဲ ဆိုတာကိုတော့ ပါတီလူကြီးတွေ မစုံသေးတာကြောင့် မရွေးချယ်ရသေးပေမယ့် ဒီလ ၃၁ ရက်နေ့ မတိုင်ခင်မှာတော့ တခြားနာမည်တခုခုနဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်လျှောက်ထားမယ်လို့ ပူးကျင့်ရှင်းထန်က ပြောပါတယ်။