ပူတာအို စစ်ဘေးဒုက္ခသည်တွေကို နေရာပြန်ချပေးဖို့ စီစဉ်

အဲလိဇဘက်ဂျန်မာ
2020.08.07

နေရပ်စွန့်ခွာပြီး စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကာလကြာရှည် နေထိုင်လာရသူတွေအတွက် နေရာသစ်တစ်ခုမှာ အခြေချ နေထိုင်ရေးဟာ အခက်အခဲတွေ ရှိနေပါတယ်။

လုံးစွတ်စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်တွေအတွက် နေရာသစ်ဖြစ်တဲ့ မချမ်းဘော့မြို့နယ် စီဒမ်ကျေးရွာဟာ ရေရှားပါးတဲ့နေရာဖြစ်တဲ့အတွက် ဒုက္ခသည်တချို့က ပြောင်းရွေ့ဖို့ သဘောမတူကြဘူးလို့ စခန်းကြီးကြပ်ရေးမှူး ဆရာထိန်နန်ဆိုင်းက ပြောပါတယ်။

“မကြိုက်ဘူးဆိုတာတော့ မဟုတ်ဘူး။ ကြိုက်ပေမယ့် အားလုံး စိတ်တူကိုယ်တူ သဘောတူတာတော့ မဟုတ်ဘူး။ အခုပြန်မယ့် နေရာကိုကြည့်တော့ ရေအရမ်းရှားတဲ့နေရာ ဖြစ်တယ်။ တချို့က ဝမ်းရေးအတွက် ရှာဖွေစားသောက်ဖို့ ခက်ခဲမှာကို စိုးရိမ်နေကြတာပါ”

လောလောဆယ်တော့ ဒုက္ခသည်တွေက စားနပ်ရိက္ခာ ထောက်ပံ့မှုတချို့နဲ့ ရပ်တည်နေကြတာပါ။

စခန်းကနေ ပြန်လည် နေရာချထားရေးအစီအစဉ်နဲ့ ပြောင်းသွားတဲ့နောက်မှာ ထောက်ပံ့မှုတွေ မရတော့ဘဲ စားဝတ်နေရေးအတွက် ခက်ခဲသွားမှာကိုလည်း ဒုက္ခသည်တွေက စိုးရိမ်နေကြပါတယ်။

အင်ခါးဂါးကျေးရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဦးလဂျွန်းထင်ကတော့ နယ်မြေအသစ်မှာ အခက်အခဲ အသစ်တချို့ ရှိလာမှာကို ပူပင်နေပါတယ်။

“အခုစခန်းမှာနေတဲ့ အချိန်က စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ရှိတော့ အခက်အခဲကတော့ သိပ်မရှိဘူး။ ပြီးတော့ အဓိကတော့ ကလေးတွေရဲ့ ရှေ့ရေးအတွက် စိုးရိမ်တယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မူးယစ်ဆေး သုံးစွဲသူတွေ အများကြီးရှိလာတော့ ကလေးတွေအတွက် နံပါတ်တစ် စိုးရိမ်တယ်။”

ဒါကြောင့် ဒုက္ခသည်တွေက စားနပ်ရိက္ခာနဲ့ ရေ၊ မီးတွေကိုလည်း အဆင်ပြေအောင်လုပ်ပေးဖို့ မျှော်လင့်နေ ကြပါတယ်။

“ကျွန်မတို့လိုချင်တာက လုံခြုံရေးအပြည့်အဝ ပြီးတော့ ကျွန်မတို့နေတဲ့ အချိန်မှာ စားရေးသောက်ရေး အခက်အခဲတွေမဖြစ်ဖို့ ရေ၊ မီးတွေလည်း အဆင်ပြေအောင်လုပ်ပေးဖို့လည်း မျှော်လင့်တယ်။ အခုက ဘာမလုပ်သေးမရှိသေးဘူး”

ကချင်နှစ်ခြင်းခရစ်ယာဉ်အဖွဲ့ချုပ် သိက္ခာတော် ဆရာတော်လည်းဖြစ် KHCC ဥက္ကဋ္ဌလည်းဖြစ်တဲ့ Rev. ဒေါက်တာ ခလမ်ဆမ်ဆွန်ကတော့ နေရာသစ်မှာ နေထိုင်ကြဖို့ သင့်လျော်တဲ့ မြေအကျယ်အဝန်းရရှိရေး စီစဉ်ထားတယ်လို့ သိရကြောင်း ပြောပါတယ်။

“အင်ခါးဂါး အခု ပူတာအိုမှာ ဆောက်ပေးမယ့်အိမ်က သူတို့ကို ၈၀ x ၆၀ ဖြစ်ရင်ဖြစ်မယ်၊ ၁၀၀ ပတ်လည် ဖြစ်ရင်ဖြစ်မယ်။ အဲဒီ ကိုယ့်ဝန်းနဲ့အိမ်နဲ့နော။ အိမ်တစ်လုံးကို သိန်း ၇၀ ပတ်ဝန်းကျင်တော့ ကုန်ကျလိမ့်မယ်လို့ ထင်တာပဲ။”

KHCC နဲ့ အစိုးရတို့ ပူးပေါင်းဆောင်ရွက်တဲ့ ဒီအစီအစဉ်မှာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ အိမ်တွေ တည်ဆောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။  

ပူတာမြို့နယ်က လုံးစွတ် စစ်ဘေးဒုက္ခသည်စခန်းမှာ အင်ခါးဂါး၊ အင်ဖျီဂါ၊ ဖကန်းနဲ့ နှင်းတန်ဂေါင်း ကျေးရွာတွေက အိမ်ထောင်စု ၇၆ စုနဲ့ လူဦးရေ ၄၀၀ လောက် ခိုလှုံနေကြတာပါ။

KHCC ရဲ့ အစီအစဉ်နဲ့ မြစ်ကြီးနားမြို့ စီတာပူ ဒုက္ခသည်စခန်းက အိမ်ထောင်စု ၁၀ စုကို ပြီးခဲ့တဲ့ ဇူလိုင်လက ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာကို ပြောင်းရွှေ့ နေရာချထားပြီးဖြစ်ပါတယ်။

တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA အကြား ၂၀၁၁ ခုနှစ် ဇွန်လက စတင်ခဲ့တဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ  စစ်ဘေးဒုက္ခသည် စခန်းပေါင်း ၁၀၀ လောက် ရှိနေပြီး ဒုက္ခသည်ဦးရေ တစ်သိန်းလောက် အဲဒီစခန်းတွေမှာ ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။