ပူတာအိုခရိုင်မှာ တရားမဝင် ရွှေတူးလို့ လယ်မြေရော ရွာတွေပါ ပိုပျက်စီးလာ
2025.01.22

ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ ဒေသဝမ်းစာဖူလုံဖို့ သုံးနှစ်အတွင်း ကြိုးစားကြစို့ဆိုပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုနေပါတယ်။ ဒါပေမဲ့ ဒေသတွင်းမှာတော့ စိုက်ပျိုးမြေတွေရော၊ အိမ်တွေ၊ ကျောင်းမြေတွေမှာပါ တရားမဝင် ရွှေတူးတာတွေ ပိုများလာတာကြောင့် ဧက ရာနဲ့ချီ ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ပူတာအိုခရိုင်မှာ ရွှေတူးတဲ့လုပ်ကွက် နည်းနည်းပဲရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ပူတာအို၊ မချမ်းဘောနဲ့ မြန်မာပြည်ရဲ့မြောက်ပိုင်းအစွန်ဆုံး နောင်မွန်းမြို့နယ်တွေမှာ စက်ယန္တရားကြီးတွေသုံးပြီး ရွှေတူးတဲ့လုပ်ငန်း များလာတယ်လို့ ပြောပါတယ်။
“စိုက်ပျိုးမြေတွေမှာတင်မကဘဲ စာသင်ကျောင်းနဲ့ အိမ်မြေတွေကိုပါ အရောင်းအဝယ်လုပ်ပြီး တူးနေကြပါတယ်”
မချမ်းဘောမြို့နယ်မှာဆိုရင် စိုက်ပျိုးမြေတွေမှာတင်မကဘဲ စာသင်ကျောင်းနဲ့ အိမ်မြေတွေကိုပါ အရောင်းအဝယ်လုပ်ပြီး တူးနေကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လယ်ယာမြေ ပါသွားတာက နမ်ခမ်းနဲ့ နမ်ဆသမ်။ စာသင်ကျောင်း မြေဧရိယာတွေပါ။ နမ်ခမ်းဘက် တူးနေတယ်။ သူတို့ ဒေသဖွံ့ဖြိုးရေးလမ်းတွေ၊ ကုန်ထုတ်လမ်း ဆိုတဲ့ဟာတွေလည်း အကုန်တူးချတာပဲ နမ်ခမ်းကတော့။ ရွာတွေမှာလည်း အိမ်ကွက်တွေ အိမ်ပိုင်ရှင်တွေလည်း သူတို့မြေယာကွက်တွေ ရောင်းစားကြတယ်။ ရောင်းစားပြီးမှ တူးကြတာ။ နမ်ခမ်းကတော့ အဓိက ဆန်ထွက်တဲ့ရွာပေါ့။ လယ်ဧက များတဲ့ရွာ”
မချမ်းဘောမြို့နယ်က နမ်ခမ်း၊ နမ်ဆသမ်၊ အင်လွယ်ယန်ရွာတွေမှာ တရားမဝင် ရွှေတူးနေကြတာပါ။
ရွှေထွက်တဲ့ လယ်မြေတွေကို လုပ်ငန်းရှင်တွေက တစ်ဧကကို ကျပ်သိန်းတစ်ထောင်အထိပေးပြီး ဝယ်ကြတာလို့ ပြောပါတယ်။
အိမ်ခြေ ခုနစ်ဆယ်ဝန်းကျင်၊ လယ်ဧက ရှစ်ဆယ်ခန့်ရှိတဲ့ နမ်ဆသမ်ရွာမှာ လယ်မြေတွေ အကုန်ရွှေတူးဖော်ပြီးပြီလို့ ပြောပါတယ်။ အခုလက်ရှိအိမ်ခြေ ၂၅၀ ဝန်းကျင်ရှိတဲ့ နမ်ခမ်းရွာက လယ်ယာမြေ၊ အိမ်ခြံမြေနဲ့ စိုက်ပျိုးမြေတွေမှာ တူးနေကြပြီး ကျန်တဲ့ရွာတွေမှာလည်း ဆက်ပြီးတူးဖို့ အလားအလာရှိနေတယ်လို့ ပြောပါတယ်။
“ဒီအတိုင်း ဆက်ပြီးရွှေတူးနေရင် ပူတာအိုခရိုင်အတွက် ဝမ်းစာဖူလုံဖို့ ပိုပြီးခက်ခဲလာနိုင်ပါတယ်”
နမ်ဆသမ်ရွာမှာ ရွှေတူးဖော်လိုက်တဲ့အတွက်ကြောင့် လယ်မြေတွေအတွက် အဓိက ရေရနေတဲ့ဆည်တွေလည်း ပျက်စီးသွားပါတယ်။ ဒါကြောင့် အဲဒီရွာအောက်ဘက်က ထရန်ဒမ်း၊ မံခွတ်၊ ဆင်လုံဒမ်း(၁) (၂) စတဲ့ရွာတွေ လယ်ဧက ရာနဲ့ချီပြီး စိုက်ပျိုးရေးဆက်လုပ်ဖို့ ခက်သွားပြီလို့လည်း ပြောပါတယ်။
ဒီအတိုင်း ဆက်ပြီးရွှေတူးနေရင် ပူတာအိုခရိုင်အတွက် ဝမ်းစာဖူလုံဖို့ ပိုပြီးခက်ခဲလာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“နမ်ဆသမ်တစ်ရွာလုံးရဲ့ လယ်တောတွေပေါ့နော်။ လမ်းမကနေ ငါးပေအကွာဆိုရင်တော့ ရွှေတူးတဲ့ကျင်းတွေပဲ ဖြစ်ကုန်တာပေါ့။ တံတားအောက်ဆိုတော့ တံတားအောက်အထိ နက်တာပေါ့။ ဆည်မြောင်းတွေကအစ အားလုံးပါသွားပြီပေါ့။ ဒီတိုင်း ဆက်သွားမယ်ဆိုရင်တော့ ဝမ်းစာဖူလုံဖို့ဆိုရင်လည်း မဖြစ်နိုင်တဲ့အခြေအနေ ပိုများတာပေါ့နော်။ ဒါဆိုရင် လမ်းပန်းဆက်သွယ်ရေးနဲ့ အခွန်ပိုင်းဆိုင်ရာနဲ့ဆိုရင်တော့ အောက်ပိုင်းက ဆန်တွေ ပို့နိုင်ဖို့ အနေအထားလည်း မရှိဘူး။ ပြီးရင် ဒီမှာထွက်တဲ့ ဆန်စပါးတွေကလည်း အရမ်းကို ဖူလုံတဲ့အထိ မရှိဘူးပေါ့။ ပူတာအိုအနေအထားက”
ပူတာအိုမြို့နယ်ဘက်မှာလည်း လုံရှာယန်ရွာနဲ့ ဖတ်မာရွာက ဧက ရာနဲ့ချီတဲ့ လယ်မြေအတွက် အဓိက ရေယူနေတဲ့ချောင်းတွေမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတာတွေ ရှိတယ်လို့ ပြောပါတယ်။
မချမ်းဘောမြို့နယ် မလိခမြစ်ကမ်းတစ်လျှောက်နဲ့ မြစ်ပေါ်မှာလည်း ရွှေတူးနေတဲ့အတွက် စားသုံးဆီထုတ်ရမဲ့ မုန်ညှင်းစိုက်ဖို့ ကမ်းနားက စိုက်ပျိုးမြေတွေလည်း ပျက်စီးကုန်ပြီလို့ ပြောပါတယ်။
ပူတာအိုနဲ့ မချမ်းဘောမှာ ရွှေတူးဖော်နေတဲ့ မြေတူးစက် (ဘက်ဟိုး) အစီးတစ်ရာကျော်ရှိပြီး စစ်ကောင်စီတပ်၊ ဌာနဆိုင်ရာတွေနဲ့ ပြည်သူ့စစ်တွေကို အဲဒီမြေတူးစက်တစ်စီးအတွက် ကျပ်သိန်း ၁၃၀ လစဥ်ပေးရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေမတူးဖို့ ဌာနဆိုင်ရာတွေကို ကန့်ကွက်စာတင်ပေမဲ့ အရေးယူတာ မရှိသလို ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ခရီးစဥ်တွေရှိရင်တော့ အဲဒီအချိန်မှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားပြီး သူတို့ပြန်သွားတဲ့အခါ ပုံမှန် ပြန်ပြီးတူးကြတယ်လို့ ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။
မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသမှာလည်း အာဏာသိမ်းပြီးကတည်းကစလို့ တူးဖော်နေတာပါ။ ၂၀၂၄ နှစ်ကုန်းပိုင်းလောက်ကစပြီး မြေတူးစက် ဆယ်စီးကျော်နဲ့ တန်ဖရဲရွာမြေအထိ တူးဖော်နေတဲ့အတွက် ရွာထဲမှာ ရွှေတူးထားတဲ့ အိုင်တွေပဲ ကျန်တဲ့အတွက် တန်ဖရဲရွာ ပျက်စီးမဲ့အခြေအနေ ဖြစ်နေတယ်လို့ မြစ်ဆုံ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေတူးတဲ့အတွက် မြစ်ဆုံတစ်ဖက်ကမ်းက ခါဘာ၊ အင်ဒူယာန်ရွာတွေလည်း ပျက်စီးသွားပြီဖြစ်သလို မြစ်ဆုံရွာနဲ့ တန်ဖရဲရွာမှာလည်း တော်တော်များများ ပျက်စီးနေပြီလို့ ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ကချင်မှာ ပြည်သူတွေရဲ့ လယ်မြေတွေထိ ရွှေတူးဖော်လာ
ကချင်ဝန်ကြီးချုပ်ရဲ့ခမည်းခမက်ကုမ္ပဏီ မြစ်ဆုံမှာ တရားမဝင်ရွှေတူးဖော်နေ
မချမ်းဘောမြို့နယ်မှာ ရွှေအလွန်အကျွံတူးလို့ သစ်တောမြေတွေ ပျက်စီး
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြောင့် တန်ဖရဲ၊ လဖျဲ့ရွာတွေက ရွာသား နှစ်ထောင်ခန့်ဟာ အောင်မြင်သာနဲ့ မလိယာန်ရွာတွေဘက်မှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရတာပါ။
အာဏာသိမ်းပြီးနောက်ပိုင်း ရွှေမှော်အသစ်တွေ တူးဖော်နေကြတဲ့အတွက် ပတ်ဝန်းကျင် ပျက်စီးတာတွေလည်း ပိုပြီးများလာတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။
“သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကတော့ ဒီတိုင်းသာဆိုရင်တော့ ပိုပိုပြီး များလာမဲ့အခြေအနေ ရှိတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင်တော့ တူးပြီးသား နေရာတွေမှာလည်း ပြန်ဖို့ဖို့ ဖိအားပေးတဲ့ အဖွဲ့အစည်းတွေ မရှိတဲ့အခြေအနေ ရှိတာပေါ့နော်။ အဲဒီလိုမျိုးအခြေအနေ ရှိတဲ့အခါကျတော့ သဘာဝပတ်ဝန်းကျင် နဂိုအတိုင်း ပြန်ရဖို့ဆိုတာက ပိုပြီးတော့ အလှမ်းဝေးသွားတဲ့ အခြေအနေရှိတာပေါ့”
ကချင်ပြည်နယ်တစ်ခုလုံးမှာ တရားမဝင် ရွှေတူးဖော်တဲ့လုပ်ကွက် အနည်းဆုံး သုံးထောင်ဝန်းကျင် ရှိနိုင်တယ်လို့ ရွှေတူးဖော်မှုကိုစောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းပြောဆိုကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ ရွှေသာမကပဲ မြေရှား၊ ကျောက်စိမ်း၊ ပယင်း စတဲ့ သယံဇာတ တူးဖော်မှုတွေနဲ့ သစ်ထုတ်လုပ်မှုတွေ သိသိသာသာ ပိုများလာတယ်လို့ ဒေသခံတွေနဲ့ သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။