ရခိုင်ပြည်နယ်အရေးနဲ့ နိုင်ငံတကာဖိအား


2018.12.12
un-622 ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့တွေ့ဆုံစဉ်။
Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအရာရှိတွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ နေပြည်တော်မှာ ဒီနေ့တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး အနီးကပ် ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင် ပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ဖိအားတွေ မြင့်တက်လာနေချိန်မှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခုလို တွေ့ဆုံခဲ့ကြတဲ့အပေါ် မြန်မာ့နိုင်ငံရေး သုံးသပ်သူတွေက ကြိုဆိုခဲ့ကြပါတယ်။

RFA ဝိုင်းတော်သူ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ အစိုးရအရာရှိတွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့ဆုံပြီး - ရခိုင်ပြည်နယ်အရေး အနီးကပ် ပိုပြီး ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအားတွေ မြင့်တက်လာနေချိန်မှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အခုလို တွေ့ဆုံခဲ့ကြတဲ့အပေါ် မြန်မာ့နိုင်ငံရေး သုံးသပ်သူတွေကတော့ ကြိုဆိုခဲ့ကြတာပါ။ အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

အဓိကကတော့ နေပြည်တော်မှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ရေးနဲ့ ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအဝိုင်းတွေအကြား သဟဇာတရှိရှိ နေထိုင်နိုင်ဖို့အတွက် ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ နဲ့ လူထုကို အသိပညာပေးမှုတွေ လုပ်သွားဖို့ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် ကတော့ - ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အထောင်အထည်ဖော်မှုအဖြစ် ကြိုဆိုခဲ့တာပါ။

“ကျနော်တို့ ကော်မရှင်ရဲ့ အကြံပြုချက် ၈၈ ချက်ထဲမှာ အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ UN နဲ့ သူ့အဖွဲ့အစည်းတွေရဲ့ ကူညီမှုလေးတွေပေါ့နော် အကြံဉာဏ်သော်လည်းကောင်း၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကို အတတ်ပညာကူညီမှုလေးတွေက လိုအပ်ပါလိမ့်မယ်လို့ အကြံပြုထားပါတယ်။ အဲတော့ အဲ့လို အကြံပြုထား တဲ့အတိုင်းပဲ သူတို့လည်းပဲ UN နဲ့ ပူးပေါင်းပြီး ဆောင်ရွက်တယ်လို့ ကျနော်ထင်ပါတယ်။ အဲတော့ အဲ့ဒီလို မိမိတို့ လက်တွေ့ အကောင်အထည်ဖော်တဲ့အခါ လိုအပ်မယ့် အကြံဉာဏ်များကို ဒီပုဂ္ဂိုလ်တွေဆီက တောင်းယူပြီး ဆောင်ရွက်မယ်ဆိုရင်တော့ အဆင်ပြေသွားမယ်ထင်ပါတယ်။”

မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကလည်း - ရခိုင်အရေး ပဋိပက္ခတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအားတွေ မြင့်တက်လာနေတဲ့အချိန်မျိုးမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ  မြန်မာနိုင်ငံအတွက် အလားအလာကောင်းတွေ ရရှိနိုင်တယ်လို့ ပြောဆိုခဲ့တာပါ။

“ကျနော့်အမြင်ကတော့ပေါ့လေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရုံးကို နေပြည်တော်မှာ ဖွင့်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ ရခိုင်အရေးအပါအဝင် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေး ရှေ့ခရီးမှာ မြန်မာအစိုးရရဲ့ ကုလသမဂ္ဂကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီးတော့ ကောင်းစေလိမ့်မယ်လို့ ကျနော် မြင်ပါတယ်။ အဲတော့ ဒီလို ရုံးခန်းဖွင့်ရုံတင် မကဘူးပေါ့လေ။ လာမယ့် ၂၀၁၉ အလွန်ကာလတွေမှာ ကုလသမဂ္ဂနဲ့ရော နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ရော ဒီထက်ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့က မဖြစ်မနေ လိုအပ်တယ်လို့ မြင်ပါတယ်။”

တချိန်တည်းမှာပဲ - မြန်မာအစိုးရအနေနဲ့ ဒေသခံရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေအကြား ဖြစ်နေတဲ့ အရင်းခံပြဿနာကို ဖြေရှင်းနိုင်ဖို့လည်း အရေးကြီးတယ်လို့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် က အကြံပြုခဲ့တာပါ။

“အဓိက လူတွေရဲ့ စိုးရိမ်စိတ်တွေ၊ သူတို့ရဲ့ သံသယတွေ ပျောက်ပြီးတော့ကာ ယုံကြည်မှုတွေ ရလာအောင် လက်တွေ့ကျကျလည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ကာ တကယ်ပဲ ယုံကြည်စိတ်ချနိုင် လောက်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း - ရိုဟင်ဂျာ မွတ်စလင် ၇ သိန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ ဖိအားတွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ များလာတာဖြစ်ပါတယ်။

အလားတူ မနေ့ကလည်း အမေရိကန် အောက်လွှတ်တော်ကနေပြီး - ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေ အပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး သမ္မတ Donald Trump အစိုးရအနေနဲ့လည်း ဒီပြဿနာကို လူမျိုးစုရှင်းလင်းရေးအစား - လူမျိုးတုံးသတ်ဖြတ်မှု အဖြစ် တရားဝင် သတ်မှတ်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။