တနင်္သာရီတိုင်းမှာ နှစ်နှစ်အတွင်း နေအိမ်နှစ်ရာနီးပါး မီးရှို့ခံခဲ့ရ

မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ အချိန်နှစ်နှစ်နီးပါးကာလအတွင်း နေအိမ် ၂၀၀ နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။
ဒေသတွင်း မီးရှို့ခံရမှုတွေကို သုတေသနလုပ်နေတဲ့ Southern Monitor အဖွဲ့ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း မီးရှို့ခံရတဲ့အိမ် ခုနစ်လုံးသာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာတော့ ပုလောမြို့နယ်မှာ နေအိမ် ၁၁၃ လုံး၊ သရက်ချောင်း မြို့နယ်မှာ နေအိမ် ၃၅၊ တနင်္သာရီမြို့နယ်မှာ နေအိမ် ၂၀၊ ရေဖြူမြို့နယ်မှာ ရှစ်လုံး၊ ထားဝယ်မြို့နယ်မှာ ခုနစ်လုံး၊ ဘုတ်ပြင်းမြို့နယ်မှာ သုံးလုံး၊ လောင်းလုံးမြို့နယ်မှာ နှစ်လုံးနဲ့ မြိတ်မြို့နယ်မှာ တစ်လုံး၊ စုစုပေါင်း မီးရှို့ခံရတဲ့ နေအိမ် ၁၈၉ လုံးအထိ ရှိခဲ့တာပါ။
အဲဒီအထဲက ပုလောမြို့နယ်မှာ မီးရှို့ခံရတဲ့ အိမ်အရေအတွက် ပိုများနေတာဟာ စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ခိုက်မှုပိုများတာကြောင့်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ပထမတစ်ချက်ကတော့ စစ်ရေးလှုပ်ရှားမှုများတဲ့ နေရာတစ်ခုဖြစ်တယ်။ တော်လှန်ရေး စကတည်းကနေ အခုထိ ပုလောက တိုက်ပွဲအများဆုံးဖြစ်ခဲ့တာပေါ့။ နောက်တစ်ခုက သူတို့ပိုပြီးအထိနာလာတယ်။ ပုလော ဧရိယာမှာပေါ့။ နောက်တစ်ချက်က သူတို့ ကိုယ်တိုင်က အခုပုလောမှာဆိုရင် ကုန်းလမ်းကနေသွားဖို့ဆိုရင် ရှောင်လာတာရှိတယ်။ ရေလမ်းကနေပြီး ကွင်းပြီးသွားတဲ့ဟာတွေ။ အဲဒီလိုကျတော့ ပုလောမှာ မီးရှို့တဲ့ဟာတွေ က ပိုများလာတာပေါ့ဗျာ"
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ထားဝယ်မြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ တပ်သားတွေကို ထားဝယ်-ထီးခီး လမ်းပိုင်း၊ ဝကုန်းရွာအနီးမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခံရမှုကို အကြောင်းပြုပြီး စစ်ကောင်စီတပ်သားတွေက ဝကုန်းရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဝကုန်းရွာသားတစ်ဦးက ပြောပါတယ်။
"သူတို့လည်း အပစ်ခံရတယ်။ ဝကုန်းနဲ့ သင်္ဃန်းတုံးရွာကြားလေ။ လမ်းဘေးက ခြုံတောတွေ သူတိုအပစ်ခံရတဲ့ နေရာတွေမှာလေ၊ မီးရှို့ထားခဲ့တယ်။ ရွာသားတွေ၊ အိမ်တွေ အကုန်လုံးပတ်မွှေတာ၊ ဘာတွေမှန်းကို မသိဘူး။ ဘာမှမချန်တော့ဘူး။ ပြီးတော့ အကြမ်းဖက်သမားတွေလို့ သူတို့အမြဲ ပြောတယ်။ မရှို့ဘူးလို့ပဲ သူတို့ပြောတယ်။ ကျနော်တို့ရွာကို ဘာမဟုတ်တာလေးနဲ့ပဲ ရှို့ခံရတယ်။ အိမ်တွေဆိုတာ ဘာမှ မကျန်တော့ဘူး"
ဝကုန်းရွာဟာ ထားဝယ်မြို့နဲ့ ၂၃ မိုင်ခန့်အကွာမှာရှိပါတယ်။ ရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီး အဲဒီအထဲက နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
"ဟင်းချိုတောမှာဆိုရင်တော့ တိုက်ပွဲဖြစ်တာမရှိဘူး။ ဘာလို့ လာရှို့သွားမှန်း သေချာမသိဘူး"
စစ်ကောင်စီတပ်ဟာ ခြုံခိုတိုက်ခိုက်ခံရတဲ့ နေရာအနီးအနား ရွာတွေကို မီးရှို့လေ့ရှိတယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
"စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာပေါ့နော်။ သူတို့ ဘယ်သူ၊ ဘယ်နေရာ ကနေ ပစ်မှန်းမသိ၊ ပြောက်ကျားတိုက်ခိုက်ခံရတာလေ။ အဲဒီအချိန်ကျတော့ ဘာမှ ပြန်ပြီး သူတို့ကိုလုပ်တဲ့သူတွေကို ပြန်မပစ်နိုင်တော့ ဒီအနီးနားကနေအိမ်တွေကို မီးရှို့သွားတာပေါ့နော်။ ဒါပေမဲ့ ဟင်းချိုတောမှာဆိုရင်တော့ တိုက်ပွဲဖြစ်တာမရှိဘူး။ ဘာလို့ လာရှို့သွားမှန်း သေချာမသိဘူး အဲဒီလိုမျိုး"
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း လောင်းလုံမြို့နယ်၊ ဟင်းချိုတောရွာကို စစ်ကောင်စီတပ်နဲ့ ပျုစောထီး ပူးပေါင်းအဖွဲ့က ဝင်ရောက်လာပြီးနောက် နေအိမ်သုံးလုံးနဲ့ ပရိဘောဂဆိုင်ခန်းတစ်ခန်းကို မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကတော့ စစ်တပ်ကမီးရှို့တယ်ဆိုတာ တစ်ဖက်သတ် စွပ်စွဲချက်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
"အဲဒီသတင်းကတော့ မဟုတ်ဘူး။ အဲဒီသတင်းကတော့ အားလုံးက အလုံးစုံမဟုတ်ဘူး။ အပြန်အလှန်ကို ဟိုတစ်ခါပြောသလို အပြန်အလှန် ပစ်ကြခတ်ကြတာတွေလည်း ရှိတယ်လေ။ လက်နက်ခဲယမ်းတွေဆိုတော့ မီးလောင်တာတွေလည်း ရှိမှာပေါ့။ ရည်ရွယ်ချက်ရှိရှိနဲ့ ဒီဘက်လုံခြုံရေးဘက်က တပ်မတော်တို့၊ ရဲတပ်ဖွဲ့တို့ဘက်က မီးရှို့တယ်ဆိုတာတော့ မရှိဘူး။ ဒီသတင်းကြီး (စစ်တပ်က မီးရှို့တယ်ဆိုတာ) ကတော့ တစ်ဖက်သတ်ကြီးပေါ့နော်"
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က ထားဝယ်မြစ်လယ်က ရွာတစ်ရွာမှာ နေအိမ် တချို့ မီးရှို့ခဲ့တဲ့ဖြစ်စဉ်မှာ ပါဝင်ခဲ့ဖူးတဲ့ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌာနချုပ် (စကခ -၈) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ - ၄၀၂) က CDM ဆေးတပ်သားတစ်ဦးက RFA ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဝန်ခံထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကတော့ နိုင်ငံတစ်ဝန်း နေအိမ်မီးရှို့ခံရမှုတွေဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုနေဆဲဖြစ်ပါတယ်။