CDM ဝန်ထမ်းတွေ အလုပ်လျှောက်ဖို့ အခက်အခဲတွေ့နေ

2021.12.04
CDM ဝန်ထမ်းတွေ အလုပ်လျှောက်ဖို့ အခက်အခဲတွေ့နေ
Photo: RFA

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားဖို့ ရည်ရွယ်ချက်နဲ့ နယ်ပယ်အသီးသီးက အစိုးရဝန်ထမ်းတွေ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းတွေဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်ပြီး လုပ်ငန်းခွင်တွေကို ကျောခိုင်းခဲ့ကြတာ ၁၀ လကျော်လာပါပြီ။

ဒီဝန်ထမ်းတွေ အနေနဲ့ စားဝတ်နေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီမှာ အလုပ် လျှောက်တဲ့အခါ အခက်အခဲတွေ ရှိနေပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်နေသူတချို့ဟာ အစိုးရဝန်ထမ်းဘဝကို အပြီးအပိုင် စွန့်လွှတ်ပြီးနောက် တခြား အလုပ်အကိုင်တွေကို ပြောင်းရွှေ့လျှောက်ထားတဲ့အခါမှာ CDM ဝန်ထမ်းဖြစ်နေလို့ ဆိုပြီး အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ရန်ကုန်တိုင်းက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

"ပထမချင်းစစချင်း ပုဂ္ဂလိကကျောင်းတွေကို စုံစမ်းတဲ့အခါမှာ CDM မို့လို့မခန့်ဘူး ဆိုတာကို သူတို့ဘက်နေ တရားဝင်ပြောပါတယ်။ ဆိုတော့ ဆက်လုပ်လို့မရပါဘူး။ အဲဒီတော့ ဘာတွေ လုပ်လို့ရလဲဆိုတော့ အလုပ်ခေါ်စာတွေ ရှာတယ်ပေါ့နော်။ အလုပ် ခေါ်စာမှာ ဝင်ကြည့်တဲ့အခါမှာလည်း ကျမတို့က ပညာရေး ဝန်ထမ်း ဖြစ်တဲ့အတွက် အပြင်သင်တန်း ဘာမှမရှိပါဘူး။ အထူးသဖြင့် Excel တို့ ကွန်ပျူတာတို့၊ ကွန်ပျူတာ Basic တောင် ကျမမတို့ တက်ခဲ့ရတာ မရှိဘူးပေါ့နော်၊ ပညာရေးမှာပဲ အချိန်ပြည့် အလုပ် လုပ်ခဲ့ရတယ်ဆိုတော့”

ကိုယ်ကျွမ်းကျင်တဲ့ ပညာရေးလောကမှာပဲ နှစ်ကာလ အပိုင်းအခြား တစ်ခုအထိ လုပ်ကိုင်လာခဲ့တာမို့ ပြင်ပလုပ်ငန်းတွေမှာ မကျွမ်းကျင်သလို၊ အလုပ်ရခဲ့ရင်တောင် CDM ဝန်ထမ်းလို့ သိသွားရင် ထုတ်ပယ်တာ တွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

"နောက်ပိုင်း စက်ရုံတွေမှာ အလုပ်ရတဲ့ သူငယ်ချင်းတွေတော့ ရှိပါတယ်။ CDM ဆိုတာ သူတို့ သိသွားရင်တော့ သူတို့ ပြန်ထုတ်တယ်ပေါ့နော်။ သူတို့က ပွင့်ပွင့်လင်းလင်းတော့ ပြောကြပါတယ်။ နှောက်ယှက်တာတွေ အခက်အခဲတွေ ဖြစ်မှာစိုးလို့ ထုတ်ရပါတယ် ဆိုတဲ့အကြောင်းကိုတော့ ပြောပြပါတယ်"


CDM လှုပ်ရှားမှုမပျက်အောင် ဆက်ပြီးတောင့်ခံနေတဲ့ ဆရာ၊ ဆရာမတွေ အပါအဝင် အခြေခံပညာရေး ဝန်ထမ်း တစ်သိန်းနှစ်သောင်းကို စစ်ကောင်စီက အလုပ်ကနေ ယာယီရပ်ဆိုင်းကြောင်း သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်၊ ခရိုင်နဲ့မြို့နယ်အလိုက် ပညာရေးမှူးတွေက လက်မှတ်ထိုးပြီး ပြီးခဲ့တဲ့မေလမှာ အမိန့်ထုတ်ပြန်ထားပါတယ်။

CDM ဆရာ၊ ဆရာမတွေဟာ တစ်ဘက်မှာ စားဝတ်နေရေး အခက်တွေ့နေသလို၊ တစ်ဘက်မှာလည်း ကျောင်းပြန်တက်ကြဖို့ စစ်ကောင်စီဘက်က ပြင်းပြင်းထန်ထန် ဖိအားပေးတာကို ရင်ဆိုင်နေရတယ်လို့ ဆရာ၊ ဆရာမတွေက ပြောပါတယ်။

လခစားဝန်ထမ်းဖြစ်ပေမယ့် စစ်အာဏာသိမ်းမှုကို ကိုယ်တတ်နိုင်တဲ့နည်းနဲ့ ဆန့်ကျင်ဖို့၊ ရုံးမတက်ဘဲ CDM လုပ်ခဲ့တဲ့အတွက် တခြားအလုပ်လျှောက်ရာမှာ ငြင်းပယ်ခံခဲ့ရတယ်လို့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတစ်ဦးက သူ့ရဲ့အခက်အခဲကို အခုလို ပြောပါတယ်။

"အလုပ်တွေက အများကြီးပဲ၊ ကျမ အီးမေးလ်ပို့ပြီးတော့ လျှောက်တယ်။ ဒါပေမယ့် အင်တာဗျူးဝင်ရတဲ့ အခါမျိုးမှာ သူတို့က CV ဖောင်မှာ ဖြည့်ခိုင်းတယ်၊ နိုင်ငံရေးကင်းရှင်းရဲ့လားလို့။ ပြီးရင် အင်တာဗျူး ဝင်တဲ့အခါ ကျရင်လည်း… ဘယ်တုန်းက ထွက်တာလဲ၊ ဒါမှမဟုတ် ဘာလို့ ထွက်လာတာလဲ၊ ဘယ်နှလပိုင်းက ထွက်တာလဲ ဆိုတာမျိုးတွေ မေးတာခံရတယ်ရှင့်။ အဲလိုမျိုးမှာ ငြင်းပယ်ခံရတာ ထင်တယ်"

ပြည်တွင်းလှုပ်ရှားမှုတွေမှာ နည်းမျိုးစုံနဲ့ ပါဝင်ရာကနေ ကိုယ်တတ်နိုင်တဲ့ကဏ္ဍကနေ ပြည်သူတွေကိုကူညီဖို့ ဆုံးဖြတ်ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိလာတာလို့ CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။

"လွတ်မြောက်နယ်မြေကို ရွေးချယ်ရတဲ့ အကြောင်းကတော့ ကျနော်တို့က ပြည်တွင်းမှာလည်း လုံခြုံမှုမရှိဘူး။ ပြီးတော့ ကျနော်တို့တတ်ထားတဲ့ ပညာကလည်း အကျိုးပြုဖို့အတွက် ဘာမှ လုပ်လို့မရဘူး၊ ဆေးခန်းလည်း ဖွင့်ခွင့်မရှိဘူး။ ဒါကြောင့် ဆက်ပြီးတော့ အလုပ်လုပ်ဖို့၊ ကိုယ်တတ်နိုင်တဲ့ဘက်နေ ဘာလုပ်နိုင်မလဲဆိုတာ ရှာဖို့အတွက် လွတ်မြောက်နယ်မြေကို ရောက်မှပဲ ဆက်လုပ်လို့ရမယ်လို့ တွေးပြီးတော့ ထွက်ခဲ့လိုက်တာ"

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လုပ်နေကြတဲ့ ဝန်ထမ်းတွေဟာ အချိန်ကာလ ကြာလာတာနဲ့အမျှ ငွေရေးကြေးရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး၊ အလုပ်ပြောင်းတာဟာ ထင်သလောက် မလွယ်ကူဘူးလို့ ဆက်ပြောပါတယ်။

"CDM ကာလက တဖြည်းဖြည်းနဲ့ ကြာလာပြီ ဆိုလို့ရှိရင် အလုပ်ရှာရတော့မယ်၊ တခြားအလုပ်ပေါ့နော်။ ကိုယ့် Career မဟုတ်ရင်လည်း တခြား အလုပ်တမျိုးမျိုးပေါ့နော် ရှာပြီးလုပ်ဖို့။ ဒါပေမယ့် တကယ့်တကယ် ထင်သလောက်မလွယ်ဘူး။ ဒီဟာကြီးက လုံး၀ စွန့်စားမှုတစ်ခုပဲ၊ နောက်တခုကို ပြောင်းလုပ်ရမယ်ဆိုတဲ့ ဥစ္စာက။ ထင်သလောက်လည်း မလွယ်ဘူး။ ပြီးတော့ CDM ဆိုတာ ပေါ်ပေါ်ထင်ထင် နေလို့မရတဲ့ အနေအထား ရောက်နေတယ်"

တဖက်မှာလည်း အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ ခြိမ်းခြောက်မှုတွေ၊ ရုံးတက်ဖို့ မက်လုံးပေး ဆွဲဆောင်မှု တွေကလည်း တဖြည်းဖြည်း ကြီးထွားလာနေပါတယ်။

အာဏာဖီဆန်ရေး (CDM) လုပ်နေကြတဲ့ အလွှာစုံက ဝန်ထမ်းတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ သီးခြား ပုဂ္ဂလိက အလှူရှင်တွေနဲ့ ပြည်သူတွေက ထောက်ပံ့ကူညီတာတွေ ရှိနေပေမယ့် လက်တွေ့မှာ ဘယ်လောက်အတိုင်းအတာအထိ ထိထိရောက်ရောက် ကူညီပေးနေသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

လောလောဆယ်တော့ စစ်ကောင်စီလက်အောက်မှာ အလုပ်ဆက်မလုပ်ကြဖို့ CRPH ဘက်က တိုက်တွန်းနေ သလို၊ အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း CDM လုပ်နေတဲ့သူတွေကို ဖမ်းဆီးတာ အပါအဝင် ရုံးမတက်တဲ့ ဝန်ထမ်းတွေကို အလုပ်တာဝန်ဆိုင်းငံ့တာ၊ လစာ မပေးတာ၊ အစိုးရချေးငွေတွေ ပြန်ဆပ်ဖို့ စသဖြင့် အမျိုးမျိုး အကြပ်ကိုင်ပြီး ခြိမ်းခြောက်နေတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။