ကြိုးပေးကွပ်မျက်မှု တွေ့ဆုံဆွေးနွေးရေး အလားအလာကို အဟန့်အတားဖြစ်စေ

နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးက တားမြစ်နေတဲ့ကြားက ၈၈ ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီ အပါအဝင် လေးဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်လိုက်တဲ့ ကိစ္စဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း ကြားဝင် ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်ခြေကို အဟန့်အတားဖြစ်စေတယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြဝေဖန်ပါတယ်။
လာမယ့် စက်တင်ဘာလထဲ မြန်မာနိုင်ငံကို တတိယအကြိမ် လာရောက်တဲ့အခါ ဖမ်းဆီးခံ ထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရကောင်းရနိုင်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေးထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက ဇူလိုင် ၂၂ ရက်နေ့က နိုင်ငံတကာ သတင်းမီဒီယာ တွေကို တရားဝင် ထုတ်ပြောထားပါတယ်။
ဒီပြောဆိုချက်ကြောင့် မြန်မာနိုင်ငံက ပဋိပက္ခတွေ ဖြေရှင်းရေးနဲ့ပတ်သက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ထဲက အဓိကအချက်တစ်ခုဖြစ်တဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်လာဖို့ကို အားလုံးက မျှော်လင့်ထားတာပါ။
ဒီလိုအခြေအနေအတွင်းမှာပဲ စစ်ကောင်စီက ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ကြိုးပေးကွပ်မျက်လိုက်တဲ့အတွက် အာဆီယံအထူးသံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင်တောင် ပြောစရာစကား သိပ်မရှိတော့ဘူးလို့ နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
"ငြိမ်းချမ်းရေး၊ အသွင်ကူးပြောင်းရေးနဲ့ ပြဿနာပြေလည်ဖို့အတွက်ကို စစ်တပ်က ဆန္ဒမရှိဘူးဆိုတာ ပြောလိုက်တဲ့သဘောပဲ။ လူထုထဲမှာလည်း သွေးကြွေးမှာ ဆွေးနွေး စရာ မရှိဘူးဆိုတဲ့ ခံစားချက်တွေကလည်း ပိုပြီးပြင်းထန်သွားကြတယ်။ အဲတော့ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မယ်ဆိုလည်း ပြောစရာ သိပ်အများကြီးမရှိဘူး"
အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ရင် မြန်မာ့ အကျပ် အတည်း ဖြေရှင်းရေးအတွက် တိုးတက်လာစရာရှိပေမယ့် သေဒဏ်စီရင်မှုက ဒီလို ဖြစ်လာနိုင်တဲ့အခြေအနေကို တန့်သွားစေခဲ့တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
"ငြိမ်းချမ်းရေး၊ အသွင်ကူးပြောင်းရေးနဲ့ ပြဿနာပြေလည်ဖို့အတွက်ကို စစ်တပ်က ဆန္ဒမရှိဘူးဆိုတာ ပြောလိုက်တဲ့သဘောပဲ"
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီသတင်းကိုကြားပြီး စိတ်မကောင်းဖြစ်နေတယ် လို့ သူ့ရဲ့ရှေ့နေတွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သတင်းမီဒီယာတွေကို ပြောပါတယ်။
ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို မကွပ်မျက်ဖို့ တောင်းဆိုနေတဲ့ကြားက သေဒဏ်စီရင် လိုက်တဲ့အပေါ် စိတ်ပျက်မိတယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ကိုယ်တိုင်က ဇူလိုင် ၂၆ ရက် မနေ့က ကြေညာချက်ထုတ်ပြီး တုံ့ပြန်ထားပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnam ကလည်း ဒီမိုကရေစီအရေးလှုပ်ရှားသူ တွေကို သေဒဏ်စီရင်လိုက်တာကြောင့် အာဆီယံရဲ့ ကြိုးပမ်းချက်တွေကို စိုးရိမ်စရာ ကောင်းလောက်အောင် အနှောင့်အယှက်ဖြစ်စေတယ်လို့ မနေ့က ထောက်ပြ ဝေဖန် ခဲ့ပါတယ်။
စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ပြည်သူ့ရေးရာ မဟာတန်းတက်နေတဲ့ ကိုကြည်စင် ကလည်း စစ်ကောင်စီရဲ့ ဒီလုပ်ရပ်က အာဆီယံကိုပေးထားတဲ့ကတိနဲ့ လက်တွေ့ကွဲလွဲ နေတာကြောင့် ယုံကြည်ဖို့ခက်သွားပြီလို့ သုံးသပ်ပါတယ်။
"သူတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးမယ်၊ အာဆီယံကိုလည်း တစ်ချိန်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ့်နည်းလမ်း ရှိရင်ရှိလာနိုင်တယ်ဆိုပြီး ကတိကဝတ်ပေးထားပေမယ့် တကယ်တမ်းကျတော့ စစ်ကောင်စီက သူတို့လုပ်လိုက်တဲ့ သေဒဏ်စီရင်ချက်ကြောင့် သူတို့ရဲ့ကတိနဲ့ လက်တွေ့လုပ်ဆောင်ချက်က မတူညီဘူး ဆိုတာကို အာဆီယံအဖွဲ့ဝင်တွေက မြင်သွားစရာ အကြောင်းရှိတယ်။ နောင်မှာ စစ်ကောင်စီနဲ့ ညှိနှိုင်းဖို့ကတိတွေကို ယုံကြည်ဖို့ဆိုတာကို အနောက်နိုင်ငံတွေရော၊ အာဆီယံအဖွဲ့ဝင်တွေရော ဒေသတွင်းနိုင်ငံတွေအကုန်လုံးက ယုံကြည်ဖို့ ပိုခက်လာ မယ်"
စစ်ကောင်စီရဲ့လုပ်ဆောင်ချက်ဟာ ဖြေရှင်းဖို့ခက်နေတဲ့ မြန်မာ့ပြဿနာတွေကို ပိုပြီး ဆိုးဝါးစေနိုင်တယ်လို့ ဒီကနေ့ ဇူလိုင် ၂၇ ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Tanee Sangrat က ဝေဖန်ပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သေဒဏ်စီရင်မှုကြောင့် ဖြစ်လာနိုင်တဲ့ ဝေဖန်မှုတွေကို ကြိုတင်သိထားပြီးဖြစ်တယ်၊ ဒီလူတွေဟာ အကြိမ်ကြိမ် သေဒဏ်စီရင်ထိုက်သူတွေ ဖြစ်တယ်လို့ ဇူလိုင် ၂၆ ရက် မနေ့ကလုပ်တဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်ပေးဖို့ ကိစ္စဟာ မဖြစ်နိုင်စရာမရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်ပထမဆုံး ပြောကြားလိုတာက နိုင်ငံရေးမှာ မဖြစ်နိုင်တဲ့ ကိစ္စမရှိဘူး။ နိုင်ငံရေးမှာ မဖြစ်နိုင်တာမရှိဘူးလို့ပဲ ကျနော် ပြောကြားလိုပါတယ်"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ အာဆီယံကကြိုးပမ်းနေသလို စစ်ကောင်စီမှာ ပဋိပက္ခကို ဆွေးနွေးဖြေရှင်းချင်တဲ့ ဆန္ဒမရှိဘူးဆိုတာ သေဒဏ်စီရင်မှုကြောင့် ပိုပြီးထင်ရှားစေတယ်လို့ ထောက်ပြဝေဖန် ပါတယ်။

တကယ်လို့ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့မယ် ဆိုရင်တောင် ဒါဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးအရ အသုံးချမှုသက်သက်သာ ဖြစ်တာကြောင့် အာဆီယံရော နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးကပါ စစ်ကောင်စီကို မယုံကြည်ဘဲ ထိုက်တန်တဲ့ အရေးယူမှုတွေ လုပ်သင့်ပြီလို့ ဦးကျော်ဇော်က ပြောပါတယ်။
"နိုင်ငံတကာရဲ့ဖိအားကိုလျော့အောင်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဖို့ စီစဉ်ကောင်းစီစဉ်မယ်။ နောက်တစ်ခုက သူတို့ရဲ့ထွက်ပေါက်လို့ သူတို့ယူဆတဲ့ ရွေးကောက်ပွဲလုပ်တဲ့ကိစ္စမှာ တရားဝင်မှုတစ်ခုရဖို့ ကြိုးစားချက်တစ်ခုအနေနဲ့ ကြိုးစားတာဖြစ်ကောင်းဖြစ်မယ်။ နောက်တစ်ခုကကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား၊ တော်လှန်ရေးအင်အားစုအချင်းချင်းအကြား စိတ်ဝမ်းကွဲပြားအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်။ ဆိုတော့ ရည်ရွယ်ချက် က လုံးဝမမှန်ဘူး၊ ဆိုတော့ အာဆီယံအဖွဲ့ကြီးအနေနဲ့ရော အာဆီယံဥက္ကဋ္ဌအနေနဲ့ရော စစ်ကောင်စီကို ထိထိရောက်ရောက်အရေးယူဖို့ အချိန်ရောက်ပြီလို့ ပြောချင်ပါတယ်"
အာဆီယံအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံနေတာကို ပြန်လည်သုံးသပ်ဖို့လိုသလို လူထု ကိုယ်စားပြုထားတဲ့ NUG နဲ့ တရားဝင်စေ့စပ်ဆွေးနွေးမှုတွေ စလုပ်ဖို့လည်း ဦးကျော်ဇော်က တိုက်တွန်းသွားပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ အခုနှစ် မတ်လမှာ တစ်ကြိမ်၊ ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၃ ရက်အထိ တစ်ကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးပါပြီ။ အဲဒီခရီးစဉ် နှစ်ကြိမ်စလုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းခဲ့ပေမယ့် စစ်ကောင်စီဘက်က ပယ်ချခဲ့ပါတယ်။
အခုတတိယအကြိမ်ခရီးစဉ်ကိုတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမတိုင်ခင် စက်တင်ဘာ ဒုတိယပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်ဖို့စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရကောင်းရနိုင်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေးထားကြောင်း မစ္စတာ ပရက်ဆော့ခွန်းက နိုင်ငံတကာ သတင်းမီဒီယာတွေကို တရားဝင် ထုတ်ပြောထားပါတယ်။