အမတ်လောင်းတွေကြားမှာ တစ်သီးပုဂ္ဂလတွေ အခက်အခဲ ပိုတွေ့
2020.08.21
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာလမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်လောင်းတွေ ရုန်းကန်နေရချိန်မှာ နောက်ခံပါတီမရှိတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအတွက် စိန်ခေါ်မှုက ပိုကြီးမားနေပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအသီးသီးက မဲဆွယ်စည်းရုံးဖို့ ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာလဖြစ်လို့ အခက်အခဲများစွာရှိနေပါတယ်။
နိုင်ငံရေးပါတီကြီးတွေကနေ ကိုယ်စားပြုဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ပါတီအမှတ်တံဆိပ်ကို လူအများသိပြီးဖြစ်လို့ ကိုယ်စားလှယ်လောင်းကိုသာ မိတ်ဆက်ဖို့ လိုတော့ပေမယ့် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေကတော့ မဲဆန္ဒရှင်တွေကို မိမိတို့ရဲ့ အမှတ်သင်္ကေတနဲ့ ကိုယ့်ကိုယ်ကိုယ်တွဲပြီး မိတ်ဆက်ဖို့အတွက်ပါ လိုအပ်နေတာပါ။
တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေက ငွေကြေးအင်အား၊ ကူညီဝန်းရံတဲ့ လူအင်အား လိုအပ်နေတယ်လို့ ပြောကြပါတယ်။
အခုချိန်မှာ လူစုလူဝေးကို ရှောင်ရှားရမယ့် အခြေအနေဖြစ်တော့ ပါတီကြီးတွေက အွန်လိုင်း ဆိုရှယ်မီဒီယာတွေကနေလည်း အဓိကထားပြီး မဲဆွယ်ဖို့ ပြင်ဆင်နေကြပါတယ်။
နယ်ဒေသတွေမှာ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် အလွှာပေါင်းစုံက မဲဆန္ဒရှင်တွေ အွန်လိုင်း အသုံးပြုနိုင်ခြင်း မရှိသေးတာကလည်း စိန်ခေါ်မှု ဖြစ်နေပါတယ်။
"အခက်အခဲအနေနဲ့ ကိုဗစ်က အခုထက်ဆိုးလားမယ်၊ သွားလို့လာလို့ မရတော့ဘူးဆိုရင် အွန်လိုင်းကနေ မဲဆွယ်ရင်လည်း ကိုယ့်မဲဆန္ဒရှင် ပြည်သူတွေအားလုံးက အွန်လိုင်း သုံးနေကြတာ မဟုတ်တော့ မဲဆွယ်တဲ့သူတွေက ဘာတွေလုပ်မယ်ဆိုတာ အကုန်လုံး မသိနိုင်ဘူး။ အဲဒီ အခက်အခဲကတော့ ရှိတယ်။ နေရာအနှံ့ အကုန်လုံးလည်း မသွားနိုင်တဲ့အခါကျတော့ မဲဆွယ်ဖို့အတွက် တချို့နေရာတွေ အခက်အခဲတော့ ရှိမယ်။"
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဦးတင့်အောင်စိုး ပြောသွားတာပါ။
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေဟာ ပါတီနောက်ခံရှိတဲ့ ကိုယ်စားလှယ်လောင်းတွေလို ဝိုင်းဝန်းကူညီတဲ့ လူအင်အား မရှိသလို ငွေကြေးအင်အားလည်း အခက်အခဲရှိပါတယ်။
ရန်ကုန်တိုင်းလွှတ်တော် ကော့မှူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာ ဝင်ပြိုင်မယ့် တောင်သူလယ်သမားအရေး လှုပ်ရှားသူ ဒေါ်စုစုနွေးက သူ့အနေနဲ့ Facebook မှာ ကြောငြာခငွေ အကုန်အကျ မခံနိုင်တဲ့အတွက် ပြင်ဆင်ထားတဲ့ နည်းလမ်းတွေထဲမှာ လက်ကမ်းစာစောင် ဖြန့်ဝေတဲ့ နည်းလမ်း၊ သူ့ရဲ့ ကိုယ်စားလှယ်တချို့က ရပ်ကွက် ကျေးရွာထဲမှာ စည်းရုံးကြတဲ့ နည်းလမ်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
"လုံးဝ အပြင်မထွက်ရဘူးဆိုတဲ့ တားမြစ်ချက်တွေ ကန့်သတ်ချက်တွေ ရှိလာရင်တောင် ရတဲ့နည်းနဲ့ ပန်းဖလက်လိုဟာမျိုး တစ်အိမ်တက်ဆင်း ဝေမှာပဲ။ ရွေးကောက်ပွဲ ကိုယ်စားလှယ် တစ်ယောက်၊ နှစ်ယောက်တော့ ခွင့်ပြုမှာပဲ။ အပင်ပန်းခံပြီး၊ ကျမတို့ဆီမှာ ပရိုဂျက်တာတွေ ရှိပါတယ်။ မီးရှိတဲ့အိမ်တွေမှာ လိုက်ပြတာမျိုးလုပ်ဖို့ အထိ ပြင်ဆင်ထားပါတယ်။”
လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း) မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်အရွေးခံမယ့် အလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဌေးလည်း အလားတူ အခက်အခဲရှိနေတာပါ။
"သမဂ္ဂကိုယ်စားပြုဆိုတော့ ကျွန်တော်တို့မှာ ရန်ပုံငွေမရှိဘူး။ အလှုငွေလည်း လက်ခံဖို့ အခုမှ အစည်းအဝေးလုပ်တုန်း ရှိသေးတယ်။ အလုပ်သမားတွေဆီက အလှူခံရမှာ ဆိုတော့ အခုထိလည်း အလှူမခံရသေးဘူး။ အခုက မဲစာရင်းမှာ မပါတာတွေကို လိုက်လုပ်နေရတယ်။ ကိုယ့်အမာခံ အလုပ်သမားတွေနဲ့ မိသားစုတွေက မဲစာရင်းမှာ မပါတာက များနေတယ်။”
ရိုက်တာသတင်းထောက်များ အထိန်းသိမ်းခံရတဲ့အမှုနဲ့ဆက်စပ်လို့ လူသိများလာတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကလည်း စစ်ကိုင်းတိုင်း ခင်ဦး မဲဆန္ဒနယ် အမှတ် ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
ဒုရဲမှူးဟောင်း မိုးရန်နိုင်ကတော့ ရွေးကောက်ပွဲမှာ ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ရင်ဆိုင်ဖို့ပဲ ပြင်ဆင်ထားပါတယ်။
"စိန်ခေါ်မှုတွေက တစ်ဘက်က ပါတီကြီးတွေဆိုတော့ တစ်သီးပုဂ္ဂလအနေနဲ့ အခက်အခဲပေါင်းစုံပါပဲ။ ကိုယ်တတ်နိုင်သလောက် ကြိုးစားသွားမှာပါ။ တော်တော်များများ ထောက်ခံမယ်လို့ ယူဆပါမယ်။ ကိုယ့်ရဲ့ ကြိုးစားမှုပေါ် မူတည်ပါတယ်။ ကျွန်တော်ကတော့ ကြိုးစားသွားမှာပဲ တချို့ရွာတွေ အိမ်တိုင်ရာရောက် အခြေအနေပေးရင် အိမ်တိုင်ရာရောက်ပေါ့၊ မပေးရင်လဲ မပေးသလို ဆောင်ရွက်ဖို့ရှိပါတယ်။"
ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်အရွေးချယ်ခံမယ့် ဦးတင်ထူးအောင်ရဲ့ အခက်အခဲတွေထဲမှာ သူ့မဲဆန္ဒနယ်မြေက မဲစာရင်း မပြည့်စုံမှုလည်း ပါဝင်ပါတယ်။
"ရန်ကုန်မှာရှိတဲ့ ရခိုင်တွေက ရွှေ့ပြောင်းအလုပ်သမားတွေ များတယ်။ အခြေခံလုပ်သားတွေ အိမ်ငှားတွေ များတယ်။ အိမ်ငှားအများစုက မဲစာရင်းမှာ မပါကြဘူး။ မဲစာရင်းမှာမပါလို့ ပုံစံ ၃ နဲ့ ပုံစံ ၃ က နဲ့ဖြည့်ပြီး ဆောင်ရွက်နေရတယ်။ မဲစာရင်းမှာ မပါတာကို အဓိက လုပ်ကိုင်ဆောင်ရွက်နေရတယ်။"
တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအနေနဲ့ သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းကို မဲဆန္ဒရှင်ပြည်သူတွေသိအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားသင့်တယ်ဆိုတာကို ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေက အကြံပြုထားပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ နယူးမြန်မာဖောင်ဒေးရှင်းက ရွေးကောက်ပွဲဆိုင်ရာ အကြံပေး ဒေါ်မြနန္ဒာသင်းကတော့ ကပ်ဘေးကာလ အကန့်အသတ်နဲ့ သွားလာ လှုပ်ရှားရချိန်မှာ ပိုစတာကပ်တဲ့လှုပ်ရှားမဲဆွယ်မှုကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုလို့ ယူဆပါတယ်။
"သူတို့မှာ အလွယ်တကူလုပ်လို့ရတာ စတေကာကမ်ပိန်း။ ဒီလိုဂိုက ဘာအဓိပ္ပါယ်၊ ဘာပါပေ့ါ။ အခုက လူစုလို့မရတဲ့အချိန်ဆိုတော့ လူစည်ကားတဲ့ ရုံးတက်ရုံးဆင်းအချိန် ဈေးလိုနေရာမျိုးမှာ ကပ်ထားရင် လူတွေပိုပြီး စိတ်ဝင်စားလာမယ် ထင်ပါတယ်။"
အရင်ရွေးကောက်ပွဲတိုင်းမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ အနိုင်ရမှု ရာခိုင်နှုန်းနည်းပေမယ့်လည်း ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေက ရှိနေဆဲပါပဲ။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ရာကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြောက်ယောက် အနိုင်ရခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာတော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၀၀ ကျော် ရှိခဲ့ပြီး ငါးယောက် အနိုင်ရခဲ့ပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း စာရင်းကိုတော့ ကော်မရှင်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။