ပြည်ပရောက်မြန်မာတွေရဲ့ ကြိုတင်မဲနဲ့ အခက်အခဲအချို့


2020.10.03

ကြိုတင်မဲတွေစတင်ပေးတဲ့ အောက်တိုဘာလ ၃ရက်နေ့မှာ ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံက မဲပေးသူတွေအတွက် အခက်အခဲတချို့ ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံ မြန်မာသံရုံးကနေ မဲထည့်ပိုင်ခွင့်ရှိသူစာရင်းတွေ ထုတ်ပြန်ဖို့ နောက်ကျတဲ့အတွက် ပထမနေ့မှာ ကြိုတင်မဲလာထည့်သူ မြန်မာရွှေ့ပြောင်းလုပ်သား RFA ကို ပြောပါတယ်။

“သံရုံးဘက်က ထုတ်ပြန်တာ အရမ်းကပ်သွားတဲ့အတွက် ဒီမှာက မသိလိုက်တဲ့လူက များနေတယ်။ များနေတော့ ကျနော်တို့ကလည်း သံရုံးက ၂ ရက်နေ့ မနက် ၃ နာရီလောက်မှာ ထုတ်ပြန်တယ်။ ကျနော်တို့ မနက် ၆ နာရီလောက်သိတာနဲ့ ထုတ်ပြန်ပေးမယ့်လည်း လူတွေ တချို့ အလုပ်ခွင်ထဲမှာ ရောက်နေတယ်။ တချို့က ညကြမှ ဖုန်းကြည့်ကြတယ်။ အဲဒီလို မသိလိုက်တာရှိတယ်။ တချို့ကျတော့ တနင်္ဂနွေလောက်ပဲ ဖုန်းသုံးတဲ့လူလည်းရှိတယ်။ အဲအတွက် သတင်းက ကျနော်တို့ ဒီမှာက မကျယ်ပြန့်ဘူး။ အချိန်ယူရတယ် ထိုင်းမှာက။"

“သံရုံးက သတင်းထုတ်ပြန်တာ နောက်ကျတဲ့အတွက် ကျနော်တို့ကလည်း ပြန်ပြီးတော့ မျှဝေမရ အချိန် မလောက်တဲ့အတွက် တချို့ တော်တော်များများက မသိကြဘူး။ မသိကြတဲ့အတွက် ပထမဦးဆုံး မဲပေးရမယ့်ရက်မှာ လူနည်းသွားတာလည်း ပါတယ်။ သံရုံးက ခုန ကျနော်ပြောသလိုပဲ အချိန်ကပ်မှ ထုတ်ပြန်လိုက်တာလည်း ပါတယ်။”

တစ်ရက်မှာ လူပေါင်း ၁၈၀၀ ထည့်ခွင့်ရမှာ ဖြစ်ပေမယ့် ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေက နည်းပညာပိုင်းဆိုင်ရာ အားနည်းလို့ ပထမနေ့ လာပေးသူ နည်းရတာ ဖြစ်တယ်လို့ ဘန်ကောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကွန်ယက် ( MRWN) ဦးအောင်ကျော်က ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တိုင်းရင်းသားတွေ အားလုံးဟာ ဒီဗဟုသုတ technology နည်းပညာတွေအားလုံးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသူတွေ မဟုတ်ဘူးဆိုတာကို နံပါတ်တစ် အဲဒါကို ထည့်တွက်ရမယ်။ ဒါကြောင့် အကျိုးရလဒ်က ဘယ်လို ကြေငြာချက်တွေထုတ်တယ် ဆိုတာ သူတို့ မသိလိုက်ဘူး။ သိအောင် ဖြန့်ဖြူးနေတာတွေကိုလည်း သူတို့ မကြည့်နိုင်ဘူး။ မြန်မာ သံရုံးက ထုတ်ပြန်တဲ့ စေတနာ့ဝန်ထမ်းတွေအနေနဲ့ ထိုင်းနိုင်ငံ volenteer တွေ အားလုံးက ထပ်ဆင့်ထပ်ဆင့် လူထုတွေအများကြီးတွေ့အောင် ရှယ်ပေးနေတာမတွေ့ရဘူး။ သို့သော် အဲဒီနည်းပညာတွေအရ ရှယ်ထားတာ ကို ဖတ်လည်းမဖတ်ဘူး။ ကြည့်လည်း မကြည့်နိုင်ဘူးဆိုတဲ့သူတွေအားလုံးကတော့ အခက်အခဲရှိနိုင်မယ်။”

မြန်မာသံရုံးနဲ့ လူမှုအဖွဲ့အစည်းတွေကနေ အဆင့်ဆင့် အသိပေးစာတွေကို မဖတ်နိုင်တာ၊ မဲသွားပေးဖို့ လူမှုအဖွဲ့အစည်းတွေကနေ ကားစီစဉ်ပေးတဲ့နေရာ မသိတာတွေနဲ့ အလုပ်ရုံ၊ စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ လူတွေဟာ ခွင့်မရတာ စတဲ့အခက်အခဲတွေကြောင့် မဲထည့်ဖို့နည်းသွားရတဲ့ အကြောင်းအရင်းတွေ ဖြစ်တယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးပရဝုဏ်မှာ မဲရုံ သုံးရုံ ဖွင့်ထားပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ မနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်း ကြိုတင်မဲတွေ ဘန်ကောက်မြို့က မြန်မာသံရုံးမှာ ပေးလို့ရနေပါပြီ။ ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာတော့ အောက်တိုဘာ ၁၀ရက်နဲ့ ၁၁ရက် တွေမှာ မဲပေးရမှာဖြစ်ပါတယ်။

တောင်ကိုးရီးယားနဲ့ စင်ကာပူ နိုင်ငံတွေကလည်း ကြိုတင်မဲတွေ ထည့်နေပြီ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက အောက်တိုဘာလ ၁ ရက်နေ့ကနေ ကြိုတင်မဲတွေထည့်နေပြီး ကိုးရီယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကတော့ အောက်တိုဘာလ ၂ ရက်နေ့ကနေ မဲစတင် ထည့်နေပါပြီ။

စင်ကာပူနိုင်ငံမှာ ကြုံခဲ့ရတဲအခက်အခဲတွေနဲ့ ပတ်သက်ပြီး မြန်မာကလပ် စင်ကာပူ ရဲ ဥက္ကဋ္ဌ ဦးဘိုဘိုဝင်းက ပြောပါတယ်။

“အဲတော့ အခက်အခဲက သံရုံးနဲ့ မဲပေးလာသူတွေရဲ့ ကြားထဲမှာ ၉၀ ရာခိုင်နှုန်းလောက် အခက်အခဲ မရှိဘူး။ ပြေလည်တယ်။ ဒါပေမဲ့ ကျန်တဲ့ 100 present ပြည့်ဖို့အတွက် မဲပေးဖို့အတွက် သံရုံးက Q စနစ်နဲ့ပဲ အဲဒီ Q စနစ်က voter တစ်ယောက်အတွက် barcode က တစ်ခုထဲပဲ lock လုပ်ထားတဲ့အတွက် အဲဒီပေးမယ့်နေ့မှာ သူက အကြောင်းအမျိုးမျိုးကြောင့် မပေးခဲ့ရင် အဲဒီမဲပေးပိုင်ခွင့်ရှိတဲ့လူက မဲမပေးရတော့ဘူး။ အဲအတွက် မဲပေးချင်သော်လည်းပဲ သူ့ရဲ့ အခက်အခဲကြောင့် မဲမပေးနိုင်ဘူး။ အဲဒါကို အခက်အခဲလို့ ခေါ်လို့ရှိရင် သံရုံးနဲ့ မဲပေးနိုင်သူ နှစ်ယောက်ကြားမှာ အဲဒီအခက်အခဲ ရှိတယ်လို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ သုံးရက်လောက် မဲပေးပြီးတဲ့အခါမှာ ၁၀ ဂဏန်းလောက်သာ မဲလာမပေးတာ။ ဒါတွေသည် မဲပေးဖို့အတွက် ပျက်ကွက်ပြီးတော့ မဲဆုံးရှုံးတယ်လို့ သတ်မှတ်လို့ရတယ်။”

ဒုတိယနေ့ Q ယူထားပြီး မဲလာမထည့်နိုင်သူ ၂၈ ဦးနဲ့ တတိယနေ့မှာ ၂၁ ဦး မဲထည့်ဖို့ ဆုံးရှုံးခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့ထိ သုံးရက်အတွင်း ကြိုတင်မဲလာထည့်သူ လေးထောင်ကျော်သွားပြီဖြစ်ပြီး နှစ်သောင်း ရှစ်ထောင်ကျော် မဲထည့်ဖို့ ကျန်နေသေးတယ်လို့ သူက ပြောပါတယ်။

တောင်ကိုးရီးယားနိုင်ငံမှာလည်း ရုံးပိတ်ရက်ဖြစ်တဲ့အတွက် မဲလာပေးတဲ့ မြန်မာနိုင်ငံသားတွေ အများအပြား လာရောက်ပေးတဲ့အတွက် စီမံခန့်ခွဲတဲ့နေရာမှာ အခက်အခဲ နည်းနည်းရှိခဲ့တယ်လို့တောင် ကိုးရီးယားနိုင်ငံက ရွေးကောက်ပွဲ အထောက်အကူပြုကော်မတီရဲ့ တာဝန်ခံ ဦးဝင်းပေါ်မောင်က ပြောပါတယ်။

“လူနည်းနည်းများတဲ့အခါကျတော့ ကိုဗစ်ဥပဒေနဲ့ လျော်ညီအောင် ဆောင်ရွက်ရတဲ့နေရာမှာတော့ နည်းနည်း အခက်အခဲရှိတာပေါ့နော်။ အဲဒီအပိုင်းကတော့ ခက်ခဲတယ်။ မဲပေးတဲ့အပိုင်းက အခက်အခဲ မရှိဘူး။ လူများတဲ့အခါကျတော့ ကျနော်တို့ ပြန်လွှတ်ရတယ်။ တုံကင်တွေပေးပြီးတော့ ရက်ပြန် ချိန်းပေးရတယ်။ အဲဒီအခက်အခဲပါပဲ။ အခုအချိန်က ပိတ်ရက်နဲ့ဆုံနေတဲ့အခါကြတော့ အားလုံးက လာကြတာပေါ့။ ကျနော်တို့ကလည်း များမယ်ဆိုတာ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လို့ ဒီလောက်ကြီးတော့ မထင်ဘူးပေါ့နော်။ မဲဆန္ဒရှင်တွေအတွက် လာရတာအဆင်ပြေသွားတယ်။ ဒါပေမဲ့ မဲရုံလုပ်ငန်းလုပ်တဲ့အခါမှာ လူတအား များတဲ့အတွက် အဲဒါကို စီမံခန့်ခွဲရတာ တော်တော်လည်း ခက်ခဲသွားတယ်။"

အောက်တိုဘာလ ၂ ရက်နေ့မှာ ၁၆၀၀ ကျော်နဲ့ အောက်တိုဘာလ ၃ ရက်နေ့မှာ ၁၇၀၀ ကျော် နှစ်ရက်အတွင်း မြန်မာနိုင်ငံသား သုံးထောင်ကျော် မဲထည့်နိုင်ခဲ့ပြီလို့ သူက ပြောပါတယ်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေလည်း ကြိုတင်မဲတွေကို လာမယ့် အောက်တိုဘာလ ၉ ရက်ကနေ ၁၁ ရက်နေ့ထိ မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ထည့်နိုင်မှာ ဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက်အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။