၂၀၂၀ အလွန် ညွန့်ပေါင်းအစိုးရဖြစ်ဖို့ တိုင်းရင်းသားပါတီတွေ မျှော်လင့်
2020.07.22
၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာမယ့် အစိုးရမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဖို့ မျှော်မှန်းချက်နဲ့ တိုင်းရင်းသားပါတီတချို့ ကြိုတင်ပြင်ဆင်နေကြပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနိုင်ရခဲ့တဲ့ မွန်၊ ကရင်၊ ကယား၊ ချင်းနဲ့ ကချင်ပြည်နယ်တွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသားပါတီတွေက ပူးပေါင်းလိုက်ကြပြီဖြစ်တာကြောင့် လာမယ့် ရွေးကောက်ပွဲရဲ့ရလဒ် ဟာ ၂၀၁၅ ရလဒ်လို မဖြစ်တော့ဘူးလို့ ယုံကြည်နေကြသလို သူတို့ရဲ့ အနိုင်ရအင်အားနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေး လိုလားနေကြပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက ရှမ်းနဲ့ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ပြည်နယ်တွေနဲ့ တိုင်းဒေသကြီး တွေက နေရာအတော်များများမှာ အနိုင်ရရှိခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ၅၈ ရာခိုင်နှုန်းကျော်နဲ့ အစိုးရဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက မကြာသေးခင်က ပေါင်းစည်းထားတဲ့ ကရင်တိုင်းရင်းသားပါတီ ငါးခုက တသဘောတည်းဖြစ်ဖို့ ညှိနှိုင်းထားကြပြီလို့ ပြောပါတယ်။
"ပူးပေါင်းထားတဲ့ ပြည်နယ်အလိုက် ပါတီ ငါးခုကတော့ တွေဆုံဆွေးနွေးပြီးတော့ ၂၀၂၀ အလွန်မှာ ရရှိလာတဲ့အဖြေ ရရှိလာတဲ့ရလာဒ်အပေါ်မှာ ကျနော်တို့ ဘယ်လိုပြောကြဆိုကြ တိုင်ပင်ကြတဲ့အခါ တသံထဲထွက်ဖို့ ကျနော်တို့စဉ်းစားနေတယ်၊ နှစ်ခါ သုံးခါလည်း တွေဆုံဆွေးနွေးပြီးဖြစ်ပါတယ်"
ညွန့်ပေါင်းအစိုးရဖြစ်မှ ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်နိုင်မယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပြောရေးဆိုခွင့်ရှိသူ ဦးကွမ်ဂေါင်အောင်ခမ်း က သုံးသပ်ပါတယ်။
"ကျနော်တို့က ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ပြင်ဆင်နေတာပါ၊ ကျနော့်ပါတီဖြစ်ဖြစ် ငါးပြည်နယ် ပေါင်းစည်းရေး ပါတီတွေက ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အကုန်လုံး အဆင့်သင့်ဖြစ်နေပါပြီ၊ ဘယ်လိုမျိုးလုပ်မယ်ဆိုတာဘဲ စဉ်းစားဖို့လိုတယ်၊ ဒါမှလည်း ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်တည်ဆောက်ရေး၊ အခြေခံဥပဒေပြင်ဆင်ရေး ဒါတွေလုပ်နိုင်မှာဖြစ်ပါတယ်၊ ဒါမှမဟုတ်ရင် ဘယ်လိုမှသွားလို့ရမှာ မဟုတ်ပါဘူး"
တိုင်းရင်းသားပါတီတွေဘက်က ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ဆန္ဒရှိနေပေမယ့် အာဏာရ NLD ပါတီကတော့ ပြန်လည်ပြီး အပြတ်အသတ် အနိုင်ရရေးအတွက် ပြင်ဆင်နေပါတယ်။
"တစ်ဦးထဲအစိုးရဖွဲ့နိုင်ဖို့ ရည်မှန်းချက်ထားပြီး ဝင်ပြိုင်မှာပါ၊ ညွန့်ပေါင်းဆိုတာကို လောလောဆယ် ဆွေးနွေးထားတာ မရှိသေးပါဘူး၊ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီဆိုကတည်းက ကျနော်တို့က ဒီမိုကရေစီကို ပြန်လည်ပြီးတော့ ရှင်သန်ခိုင်မာအောင်လုပ်ဖို့အတွက် ကျနော်တို့က အစိုးရဖွဲ့နိုင်လောက် အောင် နိုင်တဲ့အထိ တရားသဖြင့် ကြိုးစားမှာပါ၊ ကျနော်တို့ဘက်က ကြိုးစာခွင့် ရှိတယ်၊ ကျနော်တို့က စည်းရုံးရေးနဲ့ပဲလုပ်မှာပါ"
ဇူလိုင် ၂ ရက်နေ့က သတင်းထောက်တွေကို NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ပြောသွားတာပါ။
တိုင်းရင်းသားပါတီကြီးတွေဖြစ်တဲ့ ရှမ်း၊ ရခိုင်တိုင်းရင်းသားပါတီတွေကလည်း ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခြေကို မျှော်လင့်နေကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလအတွက် စဉ်းစားကြတဲ့အခါ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးဆိုတဲ့အချက်ကို အဓိက စဉ်းစားလာကြတယ်လို့ ကောက်ချက်ချတာကတော့ တချိန်က NLD ပါတီနဲ့ မဟာမိတ်ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဦးစိုင်းလိတ်ပါ။
ညွန့်ပေါင်းအစိုးရဖွဲ့ရေး NLD က စိတ်ကူး မရှိသေးပေမယ့် ဖြစ်လာနိုင်ချေရှိတဲ့ အလားအလာ တခုအတွက် ပြင်ဆင်ထားသင့်တယ်လို့ ဦးစိုင်းလိတ် က တိုက်တွန်းလိုက်ပါတယ်။
"စိတ်ကူးမရှိဘူးဆိုတာက သူ့ဘာသာသူ စိတ်ကူးမရှိတာလေ၊ ဒါပေမဲ့ လက်တွေ့ ဘဝမှာကျတော့ မဲရလဒ် အခြေအနေက ဘယ်လိုဖြစ်လာမလဲဆိုတာ ကံသေကံမ ဘယ်သူမှကြိုပြောလို့မရဘူး၊ ရွေးကောက်ပွဲပြီးတဲ့ အချိန်မှာ လူထုအဆုံးအဖြတ်ကသာ အဓိကဖြစ်တယ်၊ အဲဒီအနေအထားကို ဘယ်သူမှ လွန်ဆန်လို့မရပါဘူး၊ အကယ်လို NLD က အပြတ်အသတ်မနိုင်ဘူး၊ တောင်ပြိုကမ်းပြို မနိုင်ဘူးဆိုလို့ရှိရင် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ စဉ်းစားရမှာပဲ၊ အဲခါကျရင် ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်တွဲမလား၊ အာဏာရှင်ဘက်ကိုပဲ ယိမ်းယိုင် သွားမလားဆိုတာက သူ့အတွက် ရွေးချယ်စရာ ဖြစ်လာမှာပေါ့၊ အဲခါကျရင်သာ ပြည်သူလူထုကို သစ္စာ မဖောက်ဖို့၊ ပြည်သူလူထုကို ကျောမခိုင်းဖို့ ကျနော်တို့က ဆုတောင်းရမှာ"
၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတချို့ သူ့ပြည်နယ်အလိုက် နေရာအများစု အနိုင်ရခဲ့ပေမယ့် ၂၀၀၈ အခြေခံဥပဒေကြောင့် ပြည်နယ်အစိုးရကို စိတ်ကြိုက်ဖွဲ့စည်းခွင့်မရခဲ့ပါဘူး။ ဒါကလည်း တိုင်းရင်းသားတွေ အတွက် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဖို့ကို ပိုပြီး မျှော်လင့်ချက်ဖြစ်စေပါတယ်။
ပါတီတစ်ခုကပဲ တဖက်သတ်အနိုင်ရသွားရင် တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍက ပျောက်ကွယ်သွားတတ် တယ်လို့ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ကောက်ချက်ချ ပါတယ်။
"လွှတ်တော် နှစ်ကြိမ်ကြုံဖူးပြီ အစိုးရ နှစ်ကြိမ်ကြုံဖူးပြီ တဖက်သတ် အပြတ်အသတ် အနိုင်ရသွားတယ် ဆိုတာဟာ ကျနော်တို့အတွက် တိုင်းရင်းသားတွေအတွက် မကောင်းဘူးလို့မြင်တယ်၊ တဖက်သတ် အနိုင်ရသွားပြီဆိုရင် လွှတ်တော်မှာဖြစ်ဖြစ်၊ အစိုးရအဖွဲ့မှာဖြစ်ဖြစ် တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍဟာ လျော့နည်းသွားတယ်၊ ဒါကြောင် ကျနော်တို့ဘက်ကလည်း ညွန့်ပေါင်းဖြစ်စေချင်တဲ့ဆန္ဒရှိပါတယ် ဒါမှသာ တိုင်းရင်းသားပါတီတွေကို အလေးထားလာမယ်လို့ ယူဆပါတယ်"
ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလမှာတော့ တိုင်းရင်းသားပါတီတွေ ကွဲနေတာ၊ အပြောင်းအလဲကို လိုချင်သူတွေများတာ စတဲ့အခင်းအကျင်းကြောင့် NLD ပါတီဟာ ပြည်နယ်တွေမှာပါ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့တာ ဖြစ်တယ်၊ အဲဒီနောက်ပိုင်းမှာတော့ တိုင်းရင်းသားပါတီတွေလည်း အင်အားပေါင်းစည်းလာတာ၊ ဒေသခံတိုင်းရင်း သားတွေရဲ့ ဆန္ဒအတိုင်းမဟုတ်ဘဲ တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းနာမည်ပေးတာ၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို တိုင်းရင်းသားဒေသတချို့မှာ စိုက်ထူတာတွေကြောင့် တိုင်းရင်းသားဒေသတွေမှာ NLD အပေါ် ထောက်ခံမှု ကျဆင်းလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
"ခုတိုင်းရင်းသားပါတီတွေ ပေါင်းလိုက်တဲ့ဟာက သူ့အတွက်အခက်အခဲရှိလာနိုင်တယ်၊ အရင်တုန်းကတော့ တိုင်းရင်းသားပါတီတွေဟာ အဲဒီပြည်နယ်တွေမှာ ကွဲနေတာတွေရှိတယ်၊ အခုကျပေါင်းလိုက်တော့ တော် တော်လေး အလားအလာရှိလာနိုင်တယ်၊ တံတားပြဿနာလိုဟာမျိုး ဗိုလ်ချုပ်ကြေးရုပ်လိုဟာမျိုး ပြဿနာ တွေမှာ တိုင်းရင်းသားလူထုရဲ့ ထောက်ခံမှုဟာ ကျလာနိုင်တဲ့အလားအလာရှိတယ်၊ နိုင်ငံရေးရာသီဥတု ကလည်း နည်းနည်းလေး ပြောင်းလာနိုင်တော့ တိုင်းရင်းသားတွေကြားထဲမှာ ထောက်ခံမှုကျလာနိုင်ခြေ ရှိတယ်ပေါ့၊ အဲဒီလိုအချက်အလက်တွေကို အခြေခံပြီး ကြည့်လိုက်တဲ့အခါကျတော့ NLDအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၅၀ ရာခိုင်နှုန်းကျော် ရပါမလားဆိုတာ တော်တော်လေး မေးခွန်းထုတ်စရာ ရှိလာတယ်"
တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ ဒါရိုက်တာ ဦးရဲမျိုးဟိန်း ပြောသွားတာပါ။
တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ဘယ်လိုရလဒ် ထွက်လာမလဲဆိုတာ စစ်တမ်းကောက်ယူထားပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦးရှိတဲ့အထဲက ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရယူထားတဲ့ တပ်ကိုယ်စားလှယ်တွေကို ဖယ်လိုက်ရင် ပြည်သူရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ် ၄၉၈ ဦး ရှိပါတယ်။ အဲဒီထဲမှာ ၂၀၇ ဦးက ပြည်နယ်တွေကနေ တက်လာမယ့် အမတ်တွေ ဖြစ်ပါတယ်။
ဒါကြောင့် တိုင်းရင်သားပါတီတွေ ၂၀၂၀ မှာ အလားအလာကောင်းနိုင်တဲ့ အခြေအနေဟာ ကိုးရာခိုင်နှုန်း ကျော်ရှိပြီး မျှော်လင့်လို့ရတဲ့ နိုင်ခြေရှိတဲ့နေရာ ၁၁ ရာခိုင်နှုန်းကျော်ရှိတယ်လို့ တကောင်းအဖွဲ့ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ပြည်နယ်တွေမှာ ပေါင်းစည်းထားတဲ့ပါတီတွေသာ နေရာအတော်များများမှာ အနိုင်ရမယ်ဆိုရင် ညွန့်ပေါင်းအစိုးရ မဖြစ်မနေဖွဲ့ရမယ့် သဘောရှိတယ်လို့ ဦးရဲမျိုးဟိန်းက သုံးသပ်ပါတယ်။
တဖက်မှာလည်း တချို့ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ မပေါင်းရသေးတဲ့အတွက် မဲကွဲသွားနိုင်တာ ကြောင့် ဗျူဟာချမှတ်စီစဉ်သင့်တယ်လို့ သူက ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLD ပါတီဟာ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်အင်အား ၃၉၀ ရခဲ့ပါတယ်။ သမ္မတရွေးချယ်ပြီး အစိုးရဖွဲ့ည်းနိုင်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်အရေအတွက် ၃၃၃ ထက် ကျော်လွန်ခဲ့တဲ့အတွက် အစိုးရဖွဲ့စည်းနိုင်ခဲ့တာပါ။
၂၀၂၀ ရွေးကောက်ပွဲမှာ အလားတူရလဒ်မရခဲ့ရင် လိုအပ်တဲ့ ကိုယ်စားလှယ်အရေအတွက်ကို ပြည့်ဖို့ တိုင်းရင်းသား ပါတီတွေရဲ့ မဲနဲ့ ပေါင်းစည်းနိုင်တဲ့ အလားအလာကို မျှော်လင့်ပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေးနဲ့ ပတ်သက်ပြီး ဒီနှစ်မှာ တိုင်းရင်းသားတွေနဲ့ လေ့လာသူတချို့က ပြောဆိုလာတာဖြစ်ပါတယ်။