EU က ကုန်သွယ်ရေးအထူးအခွင့်အရေး ရုပ်သိမ်းတော့မလား
2018.10.31
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး GSP ပြန်ရုပ်သိမ်းဖို့ အချက်အလက်တွေ စုဆောင်းရေးအတွက် အောက်တိုဘာလ ၂၈ ရက်နေ့က ရောက်ရှိလာတဲ့ EU ကိုယ်စား လှယ်အဖွဲ့ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
EU စီးပွားရေး အထူးအခွင့်အရေးအစီအစဉ် ပြန်ပြီးရုပ်သိမ်းသွားမှာကို မလိုလားကြောင်း ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက ကန့်ကွက်ထားပါတယ်။
RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားပါတယ်။
```````````````````````````
မြန်မာနိုင်ငံကို လက်ရှိခွင့်ပြုထားတဲ့ ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေး GSP ပြန်လည်ရုပ်သိမ်းဖွယ်ရှိတယ်လို့ ဥရောပသမဂ္ဂက ဒီလဆန်းပိုင်းက သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အရေးမှာ လူ့အခွင့်အရေးပြင်းထန်စွာ ချိုးဖောက်ခဲ့တာတွေရှိတယ်လို့ ဥရောပသမဂ္ဂ ကုန်သွယ်ရေးကော်မရှင်မင်းကြီး Cecilia Malmstorm စီဆီးလီယာ မဲလ်မစတွန်းမ် က စွပ်စွဲပြောဆိုထားပါတယ်။
ဒါကြောင့် အီးယူကိုယ်စားလှယ်တွေဟာ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ ရန်ကုန်မှာ အရင်တွေ့ဆုံခဲ့အပြီး နေပြည်တော်မှာလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စတဲ့ ဌာနတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အစိုးရဝန်ကြီးဌာနတာဝန်ရှိသူတွေအနေနဲ့ အီးယူ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရွက်တာမျိုး ဖြစ်စေချင်တယ်လို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအဖွဲ့ Action Labour Right ဒါ ရိုက်တာ ဦးသူရိန်အောင် က ပြောပါတယ်။
‘’အစိုးရက လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေကို အရေးယူဖို့ ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ အီးယူနိုင်ငံအနေနဲ့ကတော့ လက်ရှိအစိုးရနဲ့ လက်တွဲလုပ်မယ့်ကိစ္စရပ်မျိုးကိုသာ များများလုပ်မယ်ဆိုတာ စဉ်းစားစေချင်တယ်ဆိုတာ အစိုးရကို ပြောချင်တာပဲလေ၊ နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ ဘာလုပ်ရင်ပို ကောင်းမယ်ဆိုတဲ့ကိစ္စရပ်မျိုးတွေကို အီးယူနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်မယ်ဆိုတဲ့ စကားမျိုးကတော့ ဖြစ်သင့်တယ်ပေါ့၊ ဆိုလိုတာက အဖြေအတိအကျတော့မပြောနိုင်ပေမယ့် ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေလုပ်ရင်းနဲ့ အဖြေတွေက ထွက်လာမယ်ယူဆတာကိုး"
အီးယူကိုယ်စားလှယ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
GSP ရုပ်သိမ်းပါက စက်ရုံပေါင်း ၅၀၀ နီးပါးလောက်ရှိတဲ့ အထည်ချုပ်စက်ရုံလုပ်ငန်းတွေ ပိတ်သိမ်းရမှာဖြစ်သလို လုပ်သားပေါင်း ၅ သိန်းလောက်ဟာလည်း အလုပ်လက်မဲ့ဖြစ်ကာ မိသားစုဝင်တွေလည်း ဒုက္ခရောက်ကြရမှာဖြစ်ပါတယ်။
အစိုးရက ရခိုင်ပြည်မှာ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ တဖက်သက်စွပ်စွဲပြောဆိုချက်တွေကို ပြည်ပသတင်းမီဒီယာတွေကနေ ကိုးကားနေကြတာကို ပြည်တွင်းသတင်းမီဒီယာတွေကနေလည်း ပြည်ပနိုင်ငံတွေဆီ ထိုးဖောက်ကာသတင်းမှန်တွေဖြစ်အောင် အစိုးရက လုပ်ပေးသင့်တယ်လို့ ဆိုကြပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဒေါက်တာအောင်ဝင်းကတော့ အစိုးရအနေနဲ့ ပြဿနာကို အရည်အချင်းရှိရှိနဲ့ ဖြေရှင်းနိုင်မယ့် အစိုးရဖြစ်ဖို့လိုသေးတယ်လို့ ထောက်ပြပါတယ်။
‘’အစိုးရရော၊ လွှတ်တော်ရော၊ တပ်မတော်ရော အားလုံးညီညွတ်မှရမယ်၊ တစ်ယောက်တစ်ပေါက်နဲ့ဆိုရင် လိုချင်တဲ့အဖြေရမှာမဟုတ်ဘူး၊ ဒီလိုအလုပ်လက်မဲ့ဖြစ်သွားရင် အစိုးရကဂရုစိုက်ပေးမှာလား သူတို့ဘာနဲ့စားမလဲ အရင်းအနှီးထုတ်သင့်တာဆို ထုတ်ပေးရမယ် လုပ်ငန်းပေးနိုင်မယ့် ပုဂ္ဂလိကလုပ်ငန်းတွေ အားပေးရမယ် မြေတောင်မြှောက်ပေးရမယ်၊ အခက်အခဲပြောရင် နားထောင်ပေးရမယ်၊ လွယ်တော့မလွယ်ဘူး၊ Capiticity Building အများကြီးလိုတယ်၊ ဝန်ကြီးဌာနမှာရှိတဲ့ဝန်ကြီးတွေ အစိုးရဝန်ထမ်းတွေလည်းပါတာပေါ့’’
GSP ရုပ်သိမ်းသွားမယ်ဆိုရင်တောင် အထည်ချုပ်လုပ်ငန်းတွေအတွက် အရည်အသွေးပိုပြည်ဝတဲ့ ထုတ်ကုန်တွေထုတ်နိုင်ဖို့ပြင်ဆင်နေတယ်လို့ UMFCCI ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင် ခိုင်နွယ်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
‘’အခုအချိန်ထိတော့ GSP က သို့လောသို့လောဖြစ်နေတယ် စောင့်ကြည့်အနေအထားမှာပဲရှိတဲ့အတွက် ဘယ်သူကမှတော့ ဒီလိုဖြစ်ရင်ပြန်သွားမယ်ဆိုတဲ့အသံတော့ မကြားရသေးဘူး၊ တကယ်လို့ ကိုယ်မဖြစ်စေချင်ပေမယ့်လည်းဖြစ်လာခဲ့ရင် အခုချိန်ကျွန်မတို့ အနောက်နိုင်ငံရဲ့ funning တစ်ခုနဲ့ပေါ့လေ အထည်ချုပ်လုပ်ငန်းရဲ့ Train of Tranier နှစ်လသင်တန်း စနေပါပြီ၊ ဆရာ ဆရာမ သင်တန်းသား ၂၆ ယောက်ရှိပါတယ်၊ ကျွန်မတို့ သင်တန်းကျောင်းက ဆရာဆရာမတွေပါတယ်၊ ပညာရေးက ဆရာဆရာမတွေပါတယ်၊ အလုပ်ရုံစက်ရုံတွေက အကြီးတန်းပေါ့ အုပ်ချုပ်တဲ့အပိုင်းသူတွေပါတယ်၊ ဒီသင်တန်းပြီးသွားရင် ပြန်သင်တော့မှာပါ၊ စက်ရုံကလွှတ်လိုက်တဲ့သူတွေကလည်း တာဝန်ယူပြီးတော့ တစ်ခြားစက်ရုံတွေပြန်ဖြန့်ရမှာရှိသလို ဒီပညာတွေပြန်ဖြန့်ဝေဖို့ရှိပါတယ်’’
အီးယူကိုယ်စားလှယ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ အချက်အလက်တွေရှာဖွေစုဆောင်းပြီး အစီရင်ခံတင်ပြပေမယ့် လည်း နောက် ၆ လ လောက်ကတော့ အချိန်ယူရဦးမှာဖြစ်တဲ့အတွက် ဖြေရှင်းဖို့အကောင်းဆုံးဖြစ်မယ်လို့တော့ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေက မျှော်လင့်ကြပါတယ်ခင်ဗျာ။