လူမျိုးတုံးသတ်ဖြတ်မှု အမေရိကန်အောက်လွှတ်တော် ဆွေးနွေး


2018.12.12
rohingya-border-622.jpg မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သွားရောက်နေထိုင်နေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

လူမျိုးတုံးသတ်ဖြတ်မှု အမေရိကန်အောက်လွှတ်တော် ဆွေးနွေး

ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်း ရေးစစ်ဆင်ရေးလုပ်ခဲ့ရာမှာ ဒေသခံ ရိုဟင်ဂျာတွေကို ရက်စက်စွာနဲ့ ကျူးလွန်ခဲ့တာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်လို့ မနေ့က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ အမေရိကန် အောက် လွှတ်တော်မှာ ဆွေးနွေးကြပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လူမျိုးတုံးသတ်ဖြတ်မှု အမေရိကန်အောက်လွှတ်တော်ဆွေးနွေး

(ကျော်သူ)

အမေရိကန် အောက်လွှတ်တော် အမတ်တွေဖြစ်ကြတဲ့ Steve Chabot နဲ့ Eliot Engle တို့က ဦးစီး ပြီး ရီပက်ပလင်ကန် ပါတီအမတ်တွေက ပူးတွဲတင်သွင်းလိုက်တဲ့အဆိုကို လွှတ်တော်ကနေ အခုလို ဆွေးနွေးကြတာဖြစ်ပြီး အသံနဲ့ဆုံးဖြတ်ရာမှာ လွှတ်တော်အမတ်အများစုက ထောက်ခံလိုက်တာဖြစ် ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင်းမှာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အတွင်းက အာဆာအကြမ်းဖက်အဖွဲ့ ဝင်တွေက နယ်မြေ ရဲကင်းစခန်းတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာကနေ တပ်မတော်နဲ့ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးအနေနဲ့ စစ်ဆင်ရေး လုပ်ဆောင်ခဲ့ပါတယ်။

အခုလို နယ်မြေရှင်းလင်းရေးလုပ်လိုက်လို့ ဒေသခံ မွတ်စလင်တွေဟာ လူသားမဆန်တဲ့ အပြုအမူတွေ ကို ခံစားခဲ့ကြရသလို ရိုဟင်ဂျာ ၇ သိန်းကျော်တို့ဟာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ဆီ ထွက်ပြေးကြ ရတာတွေဟာ အင်မတန် ရက်စက်ကြမ်းကြုတ်မှုဖြစ်တယ်လို့ ဆွေးနွေး့ကြတာပါ။

အမေရိကန် လွှတ်တော်အနေနဲ့ အခုလို ဆုံးဖြတ်လိုက်တာဟာ အမေရိကန် အစိုးရဘက်က စုံစမ်းစစ် ဆေးရေးတွေ အစီရင်ခံစာတွေနဲ့ သေချာအချိန်ယူပြီးမှ လုပ်တာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှား သူ တစ်ဦးဖြစ်တဲ့ မချယ်ရီဇာဟောင်က ပြောပါတယ်။

"ဒီအမေရိကန်က သူ့လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်တော့မယ်ဆိုရင် စုံစမ်းစစ်ဆေးတာတွေ ဝင်ရ တယ် ၂၀၁၈ နှစ်ဆန်းလောက်ကတည်းက interview တွေလုပ်နေတယ် သူ့ State Department က အထူးသဖြင့် Legal team တွေကနေ အချက်အလက်တွေ ကောက်ယူနေတယ် ဒီကိစ္စကို သေသေ ချာချာ လေ့လာထားတာတွေ့ရတယ်။ Genocide လို့ လူမျိုးတုံးအောင်လုပ်တဲ့ ရာဇဝတ်မှုတွေက လည်းပဲ အချက်တွေ အများကြီးရှိတယ်။ အဲဒါတွေကြည့်ပြီးတော့မှ အပိုင်းအစတွေ တွေ့နေရတယ်ဆို ပြီးတော့မှ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်"

အမေရိကန်လွှတ်တော်က အခုလိုမျိုး မြန်မာဘက်ကို သတ်မှတ်လိုက်ပြီဖြစ်တဲ့အတွက် အရေးယူမှု တွေက နောက်ဆက်တွဲ ပါလာနိုင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးတင်မောင်သန်းက ပြောပါတယ်။

"ဒီအမေရိကန် လွှတ်တော်ကနေ Genocide လို့ သတ်မှတ်လိုက်တဲ့အပေါ်မှာ အခုနိုင်ငံတကာက လုပ် နေတာ ICC လမ်းကြောင်းကတော့ ပိုပြီးတော့ အားကောင်းသွားတယ်လို့ ပြောလို့ရမယ်။ လွှတ်တော် က သတ်မှတ်ပြီဆိုတဲ့အတွက်ကြောင့် အစိုးရက အရေးယူဆောင်ရွက်ရတော့မယ်။ ခုချိန်ထိတွေ့ရတာ က တော့ တပ်မတော်ခေါင်းဆောင်တွေအပေါ် အရေးယူတဲ့နည်းပေါ့နော်။ ဒါ့ထက်ပိုပြီး သွားမလား မသွားဘူးလားဆိုတာကတော့ တစ်ဖက်မှာရှိနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဖိအားပေါ်မှာ လည်း အများကြီး မူတည်လိမ့်မယ်လို့ထင်တယ်။ တစ်ပြိုင်တည်း ဖိအားတွေများလာမှာပေါ့နော်။ မြန်မာနိုင်ငံဟာ ဒါထက်ပိုပြီး ဆိုးသွားနိုင်တဲ့အခြေအနေတွေကို တွက်ဆပြီးတော့ အဲဒါတွေမဖြစ်ပေါ် လာအောင် ဆောင်ရွက်ဖို့ စဉ်းစားချက်နဲ့မဟာဗျူဟာ ချထားရင်ပိုပြီးကောင်းမယ်"

မြန်မာစစ်တပ်အနေနဲ့ ဒေသခံ မွတ်စလင်တွေကို ရက်စက်တဲ့ပြစ်မှုတွေ ကျူးလွန်တယ်ဆိုတာကို ဝန်ခံ ဖို့လိုအပ်တယ်လို့လည်း အမေရိကန် အောက်လွှတ်တော်အမတ်တွေက ဆွေးနွေးကြပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးရဲထွန်းကတော့ သူ့အမြင်ကို အခုလိုပြောပါ တယ်။

"Genocide တော့မဟုတ်ဘူးလို့ ကျနော်တော့ထင်တယ် သို့သော် တစ်စုံတစ်ရာ ဥပဒေချိုးဖောက် တာ တွေ အလွန်အကျွံ ဆောင်ရွက်တာတွေတော့ ရှိတယ်ပေါ့လေ။ တပ်မတော်ဘက်အနေနဲ့ကျတော့ လုပ် သင့်လုပ်ထိုက်တာတွေကိုလုပ်မယ်လို့ အစောကတည်းက ပြောကတည်းက ကိုယ့်ဖက်က လက်ဦးမှု မရှိတာကိုတော့ ကျနော်တော့ သိပ်အားမရဘူးပေါ့ဗျာ"

အခုလို အမေရိကန်ဘက်က မြန်မာ့တပ်မတော်ဘက်ကို တစ်ဖက်သတ် ဖိအားပေးအကြပ်ကိုင်လုပ်နေ တယ်ဆိုပြီး အမြင်စောင်းနေတယ်လို့ ယူဆကြတဲ့ အဖွ့ဲအစည်းတွေလည်းရှိကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က အခုလို ဝေဖန်ပြောကြား ပါထားတယ်။

"အမေရိကန်အပါအဝင် အနောက်နိုင်ငံများက သူတို့ရဲ့ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကျနော်တို့ မြန်မာ နိုင်ငံအခြေအနေကို အကဲဖြတ်ပြီးတော့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေက သူတို့နိုင်ငံရဲ့ အစိုးရ ဖွဲ့စည်းပုံ လွှတ်တော် ဖွဲ့စည်းပုံ လုံးဝကွာခြားတယ်ဆိုတာ သူတို့ သဘော မပေါက်လို့ဖြစ်ပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ အစိုးရသာဖြစ်သော်လည်း လုံခြုံရေးနဲ့ ကာ ကွယ်ရေး ကိစ္စတွေမှာ အစိုးရဟာ လုံးဝပါဝင်ဆောင်ရွက်ခြင်း မပြုရဘဲ တပ်မတော်ကသာ လွတ်လပ် စွာ စီမံခန့်ခွဲ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးကို ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ပေးထားပါ တယ်။ အနောက် နိုင်ငံသားတွေလိုလားတဲ့ လူ့အခွင့်အရေး စကားတစ်လုံးပြောလိုက်ရင် ကျနော်တို့ နိုင်ငံတွင်းမှာ လူ မျိုးရေး ဘာသာရေးပ ဋိပက္ခတွေ အများအပြား ပေါ်ပေါက်လာမှာဖြစ်ပါတယ်၊ ထိန်း သိမ်းဖို့အတွက် အစိုး ရဟာ လုံခြုံရေးတပ်ဖွဲ့များနဲ့ စီမံဆောင်ရွက်ဖို့ရာ အင်မတန် ခဲယဉ်းပါတယ်၊ လုံခြုံ ရေးတပ်ဖွဲ့တွေဟာ အစိုးရကနေပြီးတော့ တိုက်ရိုက် ညွှန်ကြားဆောင်ရွက်နိုင်တဲ့ အနေအထား မရှိဘူး လို့ဘဲ ပြောချင်ပါတယ်"

တိုင်းပြည် အချုပ်အခြာအာဏာ ထိပါးလာရင် လက်မခံနိုင်ဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ပြောခွင့်ရသူတစ်ဦးဖြစ်တဲ့ ဦးသိန်းထွန်းဦးကလည်း အခုလိုပြောပါတယ်။

"ဒီကိစ္စကလေ အစောကြီးတည်းက ကျနော်တို့က ကြိုတင်ပြီးတော့ ဒီလိုစကားလုံးမျိုးတွေထွက် လာ လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်ဗျ၊ တစ်စိတ်ကို တစ်အိတ်လုပ်ပြီးတော့ လုပ်ကြံပြီးတော့ လိုရာ ဆွဲပြီး တော့ ခေါင်းစဉ်တပ်တဲ့ကိစ္စကို ပါတီအနေနဲ့ လက်ခံစရာအကြောင်းမရှိပါဘူး၊ ကျနော်တို့နိုင်ငံ အနေနဲ့ လေ အချုပ်အခြာအာဏာထိပါးလာမှုကို မည်သည့်နိုင်ငံက ထိပါးလာသည်ဖြစ်စေ ပါတီက လုံးဝ လက်ခံမှာမဟုတ်ပါဘူးဆိုတာ ပြောကြားလိုပါတယ်’’

ရခိုင်အမျိုးသားပါတီရဲ့ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကလည်း လူမျိုးတုံး သတ်ဖြတ်မှုဆိုတာကို လုံးဝကန့်ကွက်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ ကိုးကွယ်ယုံကြည်မှုကို ကမ္ဘာကြီးကသော်လည်းကောင်း အာရှကသော်လည်းကောင်း နားလည်ထားတဲ့ မိတ်ဆွေ နိုင်ငံတွေ အများကြီးရှိပါတယ်။ မလိုအပ်ဘဲနဲ့ သူတစ်ပါးအသက်ကို ရက် ရက်စက်စက် လူမျိုးုတုံးသတ်ဖို့ဆိုတာ မြန်မာနိုင်ငံသားတွေရဲ့ ဓလေ့စရိုက်နဲ့ လုံးဝမကိုက်ညီပါဘူး၊ အဲဒါကြောင့် ကမ္ဘာကြီး အထင်အမြင်လွဲမှားစေနိုင်တဲ့ အမေရိကန်အောက်လွှတ်တော်ရဲ့ လူမျိုးတုံး သတ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန် လူ့ပတ်ဝန်းကျင်နဲ့လည်း မကိုက်ညီဘူး၊ အကြီးအကျယ် ဆုံးဖြတ်ချက်လို့ မြင်ပါတယ်ခင်ဗျ"

အခုလို အမေရိကန် အောက်လွှတ်တော်ရဲ့ မြန်မာအပေါ် စွပ်စွဲပြစ်တာတာတွေရဲ့ နောက်ဆက်တွဲကျိုး ဆက်တွေကို နိုင်ငံတကာ အရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးမင်းဇော်ဦးက အခုလို သုံးသပ်ပါတယ်။

"Genocide ဆိုတာက နိုင်ငံတကာမှာ ပြစ်မှုတွေထဲမှာ လူသားဆန်မှုကို ချိုးဖောက်တဲ့ အကြီးဆုံးပြစ်မှု ဖြစ်တာပေါ့ဗျာ Genocide ဆိုတဲ့ တံဆိပ်ကပ်လိုက်တယ်ဆိုတာနဲ့ အကပ်ခံရတဲ့ နိုင်ငံပဲဖြစ်ဖြစ် အဖွဲ့ အစည်းပဲဖြစ်ဖြစ် ကိုယ့်ဘက်မှာကတော့ နိုင်ငံရေးအရ၊ လူထုထောက်ခံမှုအရ၊ ပုံရိပ်အရ ထိခိုက်တာ ပေါ့နော်။ အမေရိကန်မှာ ဆန်ရှင်တွေဘာတွေ ထုတ်တာရှိပါတယ်။ နောက်လည်း သူတို့ကိုင်လာမှာ ဖြစ် တာပေါ့ဗျာ။ အမေရိကန် တပ်မတော်နဲ့ မြန်မာ့တပ်မတော်နဲ့ကြားမှာ နောက်ပိုင်းဆက်ဆံရေးတွေ လုပ်ဖို့ အရမ်းခက်သွားလိမ့်မယ်။ နောက်ဆုံး အစိုးရအချင်းချင်း ပြေလည်မှုတွေ ရနေပြီဆိုရင်တောင် ဒီလို ကိစ္စ မျိုးတွေလုပ်ဖို့က အများကြီးခက်သွားမယ်။ အခုလက်ရှိ အမေရိကန်နဲ့ တရုတ် အားပြိုင်မှု မှာလည်း မြန်မာနိုင်ငံရော မြန်မာ့တပ်မတော်ရော တရုတ်ဘက်ကို တွန်းပို့သလိုမျိုး ပိုဖြစ်သွားတာ ပေါ့ဗျာ ကျနော့်အမြင်ကတော့ အဲလိုလုပ်လိုက်ခြင်းအားဖြင့် မြန်မာ့တပ်မတော်အပေါ် နိုင်ငံရေးအရ ဖိအားမျိုး တစ်စုံတစ်ရာ ဖြစ်လာပေမယ့်လည်း တကယ့် မဟာဗျူဟာ အကျိုးစီးပွားအရ ကြည့်ရင် လည်း အမေရိကန်အတွက် အကျိုးမရှိဘူးလို့ သုံးသပ်တယ်။ တစ်ချိန်မှာ ကျနော်တို့က မြန်မာပြည် ရဲ့အနေအထားနဲ့က တရုတ်နဲ့ အမေရိကန်ကြား အများကြီး အရေးကြီးတဲ့ အနေအထားဖြစ်လာ မယ်လေ အဲ့ဒီအချိန်ကျရင် အမေရိကန်က မဟာဗျူဟာပုံစံမျိုးနဲ့ မြန်မာပြည်ကို ချဉ်းကပ်ဖို့က ပိုပြီးခက် လာလိမ့်မယ်လို့ ထင်တယ်"

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း အရေးအခင်းမှာ မွတ်စလင်တွေကို နှိပ်ကွပ်ခဲ့တယ်လို့ စွပ်စွဲမှု တွေကြောင့် ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ ပြစ်တင်မှုတွေက ဆက်တိုက် ဖြစ်နေတယ်လို့ ဝေဖန်သုံးသပ်ကြပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။