ထိုင်း အလုပ်သမား ဥပဒေသစ်ကြောင့် မြန်မာလူငယ်တွေ အခက်တွေ့နိုင်

RFA Burmese
2024.10.04
ထိုင်း အလုပ်သမား ဥပဒေသစ်ကြောင့် မြန်မာလူငယ်တွေ အခက်တွေ့နိုင် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြဝတီမြို့ကနေ မဲဆောက်မြို့ကို ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမားများအား ၂၀၂၂ မေ ၁၁ ရက်နေ့က တွေ့ရစဉ်။
Myanmar Labour Attache Office

စက်တင်ဘာ ၂၄ ရက်က ထိုင်းအစိုးရ အတည်ပြုလိုက်တဲ့ ရွှေ့ပြောင်းအလုပ်သမား နည်းဥပဒေသစ်ဟာ ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေ၊ အထူးသဖြင့် စစ်ကောင်စီကို ဆန့်ကျင်နေတဲ့သူတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် ရောက်နေတဲ့ လူငယ်တွေအတွက် စိုးရိမ်ရတယ်လို့ ထောက်ပြနေကြပါတယ်။

အဲဒီဥပဒေသစ်မှာ မြန်မာ၊ ကမ္ဘာဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ လေးနိုင်ငံက အထောက်အထားမဲ့ အလုပ်သမားတွေကို တရားဝင် အလုပ်သမား မှတ်ပုံတင် ထုတ်ပေးမှာဖြစ်ပြီး သူတို့ရဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေကိုလည်း မိဘနဲ့အတူ တရားဝင် နေထိုင်ခွင့်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။

“တရားမဝင် အလုပ်သမားတွေအတွက် ကောင်းသလို တစ်ဖက်မှာတော့ မြန်မာတွေ အခက်အခဲဖြစ်နိုင်ပါတယ်”

ဒါဟာ တရားမဝင် အလုပ်သမားတွေအတွက် ကောင်းသလို တစ်ဖက်မှာတော့ မြန်မာတွေ အခက်အခဲဖြစ်နိုင်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ထောက်ပြပါတယ်။

“ဘာဆို ဘာမှ အထောက်အထားမရှိတဲ့ အလုပ်သမားတွေအတွက် ထိုင်းအစိုးရရဲ့ နည်းဥပဒေသစ်က အင်မတန် ကောင်းတယ်။ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရတယ်။ သို့သော်လည်း CI နဲ့ PJ ကိုင်ဆောင်ထားသူတွေ MOU အလုပ်သမားတွေကတော့ စာရွက်စာတမ်း သက်တမ်းတွေအားလုံးကို နယ်စပ်စခန်းတွေဖြစ်တဲ့ မြဝတီ၊ ကော့သောင်း၊ တာချီလိတ်တို့မှာ တိုးရမှာဖြစ်တဲ့အတွက် ခြိမ်းခြောက်မှု ကြီးမားတယ်”

ဒီနည်းဥပဒေသစ်အရ ပန်းရောင်ကတ်၊ စီအိုင်၊ အလုပ်သမားလက်မှတ် သက်တမ်းကုန်တဲ့အခါ နှစ်နိုင်ငံ သဘောတူညီချက် MOU လုပ်ငန်းစဥ်အတိုင်း သက်တမ်းတိုး အခွန်ဆောင်ရမယ် ဆိုတဲ့အတွက် စိုးရိမ်နေတဲ့ မြန်မာတွေ ရှိနေပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေ့ပြောင်း အလုပ်သမားတစ်ဦးကတော့ မြန်မာပြည်ပြန်ရင် ဖမ်းဆီးခံရမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

“ကျွန်တော် စီအိုင်စာအုပ် (CI) သက်တမ်း လေးနှစ်ပြည့်ပြီဆိုတော့ ၂၀၂၅ ခုနှစ် နှစ်လပိုင်းကျရင် သက်တမ်းကုန်ပြီ။ နယ်စပ်မှာသွားတိုးဖို့က လက်ရှိ မှတ်ပုံတင်လည်းမရှိ။ အိမ်ထောင်စုလည်းမရှိတော့ မြန်မာပြည် ပြန်ရမယ်။ အိမ်ထောင်စုစာရင်း လုပ်ရမယ်ဆိုတော့ မြန်မာပြည်ပြန်ရင် စစ်မှုထမ်းပဲ ခေါ်မလား။ ကိုယ်က တော်လှန်ရေးထဲမှာလည်း ပါထားတော့ အဖမ်းခံရပြီး အသတ်ခံရမလား အများကြီး စိုးရိမ်ရတယ်”

MOU စနစ်ဆိုတာ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ရတဲ့စနစ် ဖြစ်တာကြောင့် သက်တမ်းတိုးရမဲ့ မြန်မာအလုပ်သမားတွေဟာ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း စစ်ကောင်စီကို ပေးရမှာဖြစ်သလို လစာငွေရဲ့ ၂၅ ရာခိုင်နှုန်း မြန်မာပြည်ကို တရားဝင် ပြန်လွှဲထားတဲ့အကြောင်း အထောက်အထား ပြရမှာဖြစ်ပြီး ကိုယ်ရေးအချက်အလက်တွေ ပေးရမှာဖြစ်ပါတယ်။


ဆက်နွှယ်သောသတင်းများ

ထိုင်းမှာ အလုပ်သမားဥပဒေနဲ့မညီဘဲအလုပ်လုပ်ရတဲ့ မြန်မာတွေ အခက်အခဲဖြစ်

ထိုင်းမှာ သုံးလကျော်အတွင်း မြန်မာအလုပ်သမား နှစ်သိန်းနီးပါး အဖမ်းခံရ

ရနောင်းထောင်က ပြန်ပို့တဲ့ မြန်မာတစ်ရာကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ


ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ကြုံရနိုင်တယ်လို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights က ဦးဇော်ဝင်းက ထောက်ပြပါတယ်။

“စစ်မှုထမ်းဥပဒေနဲ့ အသက် ငြိစွန်းတဲ့သူတွေအကုန်လုံးကို သူတို့ ဖမ်းနိုင်တယ်။ အကောင်းဆုံးက လူ့အခွင့်အရေး ရှုထောင့်ကကြည့်မယ်ဆိုရင် အလုပ်သမားတွေ ထိုင်းနယ်စပ်မှာပဲ သက်တမ်း တိုးနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ။ သူတို့မှာ အန္တရာယ်မရှိဘူး။ ဒါပေမဲ့ ပြည်တွင်းထဲ ပြန်တိုးရမယ်ဆိုရင် စိုးရိမ်စရာပဲ”

ထိုင်းနိုင်ငံက ရေထွက်ပစ္စည်းလက်ကားဒိုင်တစ်ခုတွင် အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ၂ဝ၁၈ ခုနှစ်က တွေ့ရစဥ်။ (AFP Photo)
ထိုင်းနိုင်ငံက ရေထွက်ပစ္စည်းလက်ကားဒိုင်တစ်ခုတွင် အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ၂ဝ၁၈ ခုနှစ်က တွေ့ရစဥ်။ (AFP Photo)

ဒီနည်းဥပဒေသစ်ကြောင့် လက်ရှိ တရားဝင် နေရတဲ့ဘဝကနေ၊ တရားမဝင် နေရတဲ့ဘဝ ပြန်ရောက်သွားနိုင်တယ်လို့ CDM ဝန်ထမ်းတစ်ဦးက စိုးရိမ်နေပါတယ်။

“ကိုယ်ကိုယ်တိုင်လည်း CDM လုပ်ထားတဲ့အတွက် မသွားရဲဘူး။ ကိုယ့်အသက်နဲ့ လောင်းကြေး မထပ်ရဲဘူး။ နောက်ဆုံးတော့ ဟိုဘက်မှာ သက်တမ်းသွားတိုးလို့လည်း မဖြစ်ဘူးဆိုတော့ အခု လက်ရှိ အထောက်အထားရှိနေတဲ့ဘဝကနေ အထောက်အထားမဲ့ဘဝ ရောက်တော့မယ် ထင်တယ်”

စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ မြန်မာလူငယ်တွေအတွက်လည်း စိုးရိမ်စရာရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူ ဦးအောင်ကျော်က ရှုမြင်ပါတယ်။

“မြန်မာပြည်တွင်းထဲထိ ပြန်ခေါ်သွားတဲ့ကိစ္စက သာမန်လူတွေအတွက်ကတော့ ပြဿနာမရှိပေမဲ့ ၂၀၂၁ နောက်ပိုင်းလာတဲ့ လူငယ်တွေအတွက်တော့ များစွာ အန္တရာယ် ကြီးမားတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်တယ်”

၂၀၂၄ ခုနှစ် မတ်လအထိ ထိုင်းနိုင်ငံမှာရောက်နေတဲ့ တရားဝင် မြန်မာအလုပ်သမား ၃ ဒဿမ ၄ သန်းကျော်ရှိတယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနရဲ့စာရင်းအရ သိရပါတယ်။

ဒါပေမဲ့ စုစုပေါင်း မြန်မာနိုင်ငံသား ခြောက်သန်းခန့်ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့တွေက ခန့်မှန်းတွက်ချက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။